Monday, November 9, 2009

Psychology Training

ဆိုက်ကိုကို စိတ်ဝင်စားခဲ့တာ ကြာပါပြီ… ဒါပေမဲ့ Main ထဲမှာသင်တဲ့ လက်တွေ့စိတ်ပညာက သိပ်မကောင်းဘူးလို့ ပြောကြတော့ သွားမတက်ဖြစ်ဘူး… သူများတွေတော့ ဆိုက်ကိုရှိလား မရှိဘူး မသိဘူး.. ချီတာမှာတော့ ဆိုက်ကိုရှိတယ်.. ကိုယ့်ဘာသာလေ့လာတတ်သလို တစ်ခြားသူတွေရဲ့ ဆိုက်ကိုကိုလဲ သေချာလေ့လာဖူးတယ်… အခုတော့ ခင်မြတ် စိတ်ဝင်စားတဲ့ ဘာသာကို  သူငယ်ချင်းတစ်ယောက် ခေါ်မှုကြောင့် ဆိုက်ကိုနဲ့ပတ်သက်ပြီး သင်တန်းတစ်ခုကို (၂၄.၁၀.၀၉) မှ (၂၈.၁၀.၀၉) ထိ ငါးရက် တက်ခဲ့ရပါတယ်… ငါးရက်ပေမဲ့ တစ်ဘဝလုံးမှာ လုံးဝပြန်မရနိုင်တော့တဲ့ ပျော်ရွှင်မှုတွေ… ရိုးသားမှုတွေ .. သူငယ်ချင်းတွေ.. အတွေ့ အကြုံတွေ.. အရမ်းတော်တဲ့ဆရာရဲ့ သင်ပေးမှုတွေကို ရခဲ့ပါတယ်.. အမှတ်တရတွေ တစ်သီတစ်တန်းကြီး ရခဲ့ပါတယ်.. ဘယ်တော့မှ မမေ့ဘူး……….. GWEN ရေ…
ဒီသင်တန်းကိုတက်တော့ တစ်ချို့လူတွေက ဆိုက်ကိုဆိုတိုင်း အရူးလို့ တွေးပြီး ရယ်ကြတာကို မုန်းမိတယ်.. လူတိုင်းမှာ ဆိုက်ကို ရှိတယ်ဆိုတာ သင်တန်းတက်ဖူးမှ သိလိမ့်မယ်.. ဘုရားတောင် ဟောသေးတာပဲ.. လူတိုင်းက အရူးတွေပဲဆိုတာကို.. ဒါကို လူတွေက မသိကြတာလား…. လမ်းပေါ်မှာ ငိုချင်တိုင်းငို…အော်ချင်တိုင်းအော်.. နေချင်တိုင်းနေမှ အရူးမဟုတ်ပါဘူး… တကယ်တော့ လူတိုင်းမှာ စိတ်ဒဏ်ရာတွေရှိကြစမြဲပါ.. ဒါတွေကိုသာ နားလည်ပေးနိုင်ရင် လူတွေ ရန်ဖြစ်တော့ပါ့မလား ??? ဒီသင်တန်းတက်ပြီးမှ အော် လောကမှာ ချီတာထက်အခြေအနေ ဆိုးတဲ့လူတွေ ရှိသေးတာတွေ့ရတော့ ငါ အားမငယ်သင့်ဘူးလို့ ထင်မိတယ်.. သင်တန်းငါးရက်မှာ သင်ခဲ့ရတဲ့စာတွေနဲ့ ကစားရတဲ့ ဂိမ်းတွေက ဆက်စပ်မှုတွေ ရှိနေတယ်.. ငါးရက်အတွင်းမှာ ငါးနှစ်လောက် သိခဲ့တဲ့ သူငယ်ချင်းကို မပြောခဲ့ဘူးတာတွေကို ပြောမိကြတယ်.. အဲဒါဘာကြောင့်ပါလဲ GWEN ရဲ့ စနစ်ကျတဲ့သင်ပေးမှုကြောင့် အချင်းချင်းမှာ TRUST ဆိုတာ ရှိလာခဲ့တယ်.. စကားလုံးငါးလုံးထဲ ဆိုပေမဲ့ တော်တော်ခက်ခဲတဲ့အခဲမှာ သူပါတယ်လေ… ခင်မြတ် လဲ GWEN ကိုတော်တော်များများ ရင်ဖွင့်ခဲ့တယ်.. သူက ဘယ်သူ့ကိုမှ ပြန်မပြောဘူးဆိုတဲ့ တကယ်တော်တဲ့ COUNSELOR တစ်ယောက်ဆိုတာ ယုံလို့ပဲ…

အဲဒီသင်တန်းတက်ရင်း good counselor တစ်ယောက်ရဲ့ လိုအပ်တဲ့အရည်အချင်းတွေ … သိခဲ့ရတယ်.. သူတို့ နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ counselor နဲ့ client ကြားက မေတ္တာရေးကိုဘယ်လိုဖြေရှင်းလဲဆိုတာတွေပါ.. ဗဟုသုတရခဲ့တယ်..
ခင်မြတ်လဲ good counselor တစ်ယောက်ဖြစ်ချင်တယ်… လိုအပ်တဲ့အရည်အချင်းတွေကတော့ ….
6 most important attitudes of a good counselor:
1) RESPECT
Client ကို လေးစားရမယ်.. သူ့ကိုယ် ဆက်ဆံတဲ့အခါ နွေးထွေးရမယ်.. တစ်ခြားကိစ္စတွေပေါ်လာရင်လဲ ဆွေးနွေးတဲ့အချိန်မှာ ဆွေးနွေးတာကိုပဲ အာရုံစိုက်ရမယ်.. ဖုန်းတွေဘာတွေ ပိတ်ထားသင့်လျှင် ပိတ်ရပါမယ်..
2) NEUTRALITY
သူ့ကို ဆက်ဆံတဲ့အခါ အရိုးခံဖြစ်ရမယ် … အဲဒါ အရေးကြီးတယ်..
3) CONFIDENTIALITY
သူရဲ့ ကိစ္စမှန်သမျှကို လျှို့ဝှက်ဖို့အတွက် ကိုယ့်မှာ တာဝန်ရှိတယ် ဆိုတာ အမြဲသိနေရမယ်.. client အကြောင်းကို မည်သူ တစ်ဦးတစ်ယောက်ကိုမှ ပြောမပြရပါ။ အခြေအနေနှစ်ရပ်ရောက်ရင်တော့ ချိုးဖောက်ခွင့် ရှိပါတယ်.. အဲဒီအခြေအနေတွေကတော့ Client က ကိုယ့်အသက်ကို ရန်ရှာတဲ့အချိန်ဖြစ်ဖြစ်၊ သူတစ်ပါး အသက်ကို ထိခိုက်မည့် ကိစ္စမျိုး လုပ်မယ်ဆိုရင်ပဲဖြစ်ဖြစ် ချိုးဖောက်နိုင်ပါတယ်။
4) RELIABILITY
ယုံကြည်မှုရှိအောင် တည်ဆောက်ရမယ်.. Client ယုံကြည်အောင် ကိုယ့်ဘက်ကလဲ သူယုံကြည်နိုင်တဲ့ အနေအထားမျိုး ဖြစ်ရမယ်..
5) CONSISTENCY
Client နဲ့ဆွေးနွေးတဲ့အခါ သူဘက်က တစ်ကယ်တမ်း ခံစားနေတဲ့အရာကို မပြောမချင်း ဇွဲရှိရှိနဲ့ စောင့်ရပါမည်။
6) PATIENCE
Client နဲ့ဆွေးနွေးစဉ် အချိန်ကြာနိုင်တယ်.. တစ်ခါတစ်လေ လူမှုရေး ပြဿနာတွေလဲ ကြုံနိုင်တာမို့ ကိုယ့်ကို ယုံကြည်လို့ လာပြောတဲ့ သူ ကို စိတ်ရှည်စွာနဲ့ နားထောင်ပေးရမှာပါ.. အဲဒီအတွက် Good listener ဖြစ်ရပါဦးမယ်..
ဒီအချက်တွေနဲ့အတူ ရှောင်ရမည့် အချက်တွေလဲရှိသေးတယ်.. ချက်ချင်းကြီး အလျင်အမြန် အကြံပေးတာမျိုး၊ ကိုယ်က ဝေဖန်ဆုံးဖြတ် တာမျိုး.. နဲ့ သေချာ နားစိုက်မထောင်ဘဲ.. မေးခွန်းတွေ မေးခြင်းပါဘဲ.. Counselor တစ်ယောက်အနေနဲ့ အကြံပေးလို့မရပါဘူး.. သူ ကို ဖြစ်သင့်တာကို Guide line ချပေးသလိုမျိုး ပြောတာပဲ ဖြစ်ရပါမယ်တဲ့.. အရမ်းကောင်းတဲ့ ဗဟုသုတပါဘဲ.. ကဲ အားလုံး ကျေနပ်မယ် လို့ ထင်ပါတယ်.. နောက်ထပ်ရေးပေးချင်တာတွေရှိပါသေးတယ် … သေချာလေ့လာပြီးရင်ပေါ့….

(GPSN မှသူငယ်ချင်းများကို သတိရလျက်.. Gwen၊ ရွှေဝတ်မှုန်၊ ထိုက်ဆိုင်နဲ့ Hazlitt တို့ကို အရမ်း ကျေးဇူးတင်လျက်)

Sunday, November 8, 2009

ဆရာဝန်များ ဖတ်သင့်သော စာအုပ်တစ်အုပ် (သို့မဟုတ်) ရဲတိုက်

အခုတလော ဘာပို့စ်မှ မတင်ဖြစ်တာ တော်တော်ကြာပြီပဲ.. စာအုပ်တွေတော့ မဟားတရားကို ဖတ်နေပါတယ်ကွယ်… အထီးကျန်ချိန်မှာ အဖော်မွန်ကောင်းကတော့ စာအုပ်ပါဘဲ… သေချာပါတယ်.. ချီတာအခုတလော လိမ်မာနေတယ်.. အိမ်ကိုစောစောပြန်တယ်… တတ်နိုင် သလောက်တော့ အိမ်မှာပဲ နေတယ်ပေါ့… ဒါပေမဲ့ ချီတာ လုပ်ချင်တာတွေအများကြီး… ဖတ်ချင်တာတွေအများကြီး.. လေ့လာ ချင်တာတွေလဲ တော်တော်များတယ်… ချီတာ ချစ်သူကတောင် လုပ်ချင်တာများလွန်းတယ်လို့ ပြောဖူးတယ်… သူ ရှိတဲ့အချိန် သူ့ကို အချိန်ပေးရပေမဲ့.. သူမရှိတော့ ချီတာရဲ့အချိန်တွေကို စာအုပ်လေးတွေက အဖော်လုပ်ပေးခဲ့တယ်.. စာအုပ်တွေဝယ်တယ်..သူငယ်ချင်း တွေနဲ့ အခုတလော လဲဖတ်မိတယ်… ရဲတိုက်ဆိုတဲ့စာအုပ်လေးကို ဖတ်သာ ဖတ်ပြီးသွားတယ် စာအုပ်တစ်အုပ်လုံး နားလည်ပေမဲ့ ဘာလို့ ရဲတိုက်လို့ ပေးရသလဲဆိုတာတော့ တကယ်မသိဘူး.. ဉာဏ်တိမ်တာပဲနေမှာ

ဒီစာအုပ်ကတော့ ဆရာဝန်တစ်ယောက်အကြောင်းပါ… ဒါပေမဲ့ ဆေးပညာလောကအကြောင်းဆို ပိုမှန်ပါမယ်.. လွန်ခဲ့သော ဆယ်နှစ် ကျော်လောက်က ဗြိတိန်ရဲ့ ဆေးပညာလောကကို ဇာတ်လမ်းကျောရိုးယူထားပါတယ်… ကျောက်မီးသွေးသမားတွေရဲ့ ဘဝ၊ ဆရာဝန်ဆိုတာ ဆေးကုတာ တစ်ခုထဲနဲ့ မပြီးဘူးဆိုတာတွေ (လုပ်ထုံးလုပ်နည်းတွေ လူတွေကောင်းစားဖို့အတွက် မိလ္လာပိုက်တွေကို ဗုံးခွဲသင့်ရင် ခွဲရမည်ဆိုတဲ့ လူစားမျိုး)၊ ဆရာဝန်လောကမှာရှိတဲ့ စီနီယာဆရာဝန်တွေရဲ့ လာဘ်စားမှု၊ အဲလို မသမာ ဆရာဝန်တွေကြားထဲ ရောက်ခဲ့တဲ့အချိန်မှာ ကိုယ့်ကျင့်တရားပျက်သွားသော ဆရာဝန်အား ဇနီးတစ်ယောက်အနေနဲ့ လမ်းမှန်သို့ရောက်အောင် ပို့ပေးခဲ့နိုင်မှု၊ ဇနီးကောင်းတစ်ယောက် အနေနဲ့ ကောင်းစွာ ပါရမီဖြည့်သွားပုံ၊ ဆရာဝန်မဟုတ်ဘဲ ရှေ့နေဖြင့် ဘွဲ့ရသော်လည်း လူသားအားလုံးကို အဆုတ်ရောဂါနဲ့ ပတ်သက်ပြီး သုတေသနလုပ်ခဲ့ရာမှ အောင်မြင်ခဲ့သော လူတစ်ယောက်အကြောင်း (ဒါကြောင့် ဆရာဝန်တိုင်းကိုလဲ မလေးစားသင့်သလို၊ ဆရာဝန်လိုင်စင်မရှိတိုင်းလဲ လေးစားသင့်တဲ့ ပုဂ္ဂိုလ်တွေရှိသေးတယ်ဆိုတာ သိခဲ့ရတယ်)၊ ဆေးပညာလောက ကောင်းစားဖို့အတွက် ဆရာဝန်တစ်ယောက်ရဲ့ ဘဝ စတေးရတော့မဲ့ ဆဲဆဲ မဟုတ်မခံတတ်သော ဖြောင့်မှန်တဲ့ ဆရာဝန်ကြောင့် ဆေးလောက တိုးတက်သွားခဲ့ပုံ စတဲ့ ရသပေါင်းများစွာကို ခံစားလိုက်ရပါတယ်။ ဆရာဝန်လုပ်မည့် လူများ ဖတ်သင့်တဲ့ စာအုပ်ပါဘဲ။

ဒီစာအုပ်ကို သူငယ်ချင်းဆရာဝန်ကောင်မလေး ဆီက ဖတ်ရတာပါ… အခုခေတ်မှာလဲ ဒီလိုမျိုးတွေရှိနေဆဲပါဘဲ…. ချီတာတို့ အသက်ကြီးရင် ဆေးကုဖို့ တော်တော်ခက်သွားပါပြီ…. အခုခေတ် ဆေးကျောင်းသားတော်တော်များများဟာ အွန်လိုင်းမှာပဲ အချိန်ကုန် နေကြလို့ပဲ.. တကယ်လို့သာ သူတို့တွေသာ ကုမယ်ဆိုရင် ကုမခံရဲဘူး.. ဒါက သူတို့ အပြစ်တစ်ခုထဲလား မဟုတ်ပါဘူး…မိဘတွေဆီမှာလဲ အပြစ်ရှိပါတယ်.. အမှတ်ကောင်းတိုင်း မလုပ်ချင်တဲ့ ဆရာဝန်အတင်းလုပ်ခိုင်းတော့ ဘယ်သူကမှ ဝါသနာမပါတာ မလုပ်ချင်တာ သဘာဝကျပါတယ်… မိဘများအနေဖြင့် မြေတောင်မြှောက်ပေးတာ မှန်စေချင်တယ်… ခင်မြတ်မှာ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်.. သင်တန်း တစ်ခုမှာ ဆုံခဲ့တာပါ.. သူက သူ့ကိုယ်သူ စမိတ်ဆက်ကတည်းက သူဆေးကျောင်းတက်မှာပါ.. သူလုပ်ချင်တာ တကယ်ဆေးကုတဲ့ ဆရာဝန်တဲ့.. အဲလို ဆရာဝန်မျိုးတွေ များများရှိသင့်တယ်.. ဒါပေမဲ့ ကံဆိုးရှာတဲ့ သူငယ်ချင်းကို သွေးကင်ဆာ ဆိုတဲ့ကောင်က သူ ဆေးကျောင်း မတက်ခင်မှာပဲ သူ့ကို ဒီဘဝထဲက ဆွဲထုတ်သွားပါတယ်…

အခု ဆေးလောကကြီးက စိတ်ပျက်စရာပါ.. ခင်မြတ် ဆေးကုမ္ပဏီမှာ လုပ်ခဲ့ဖူးတယ်.. ဆရာဝန် prescribe လုပ်ဖို့အတွက် ပေးလိုက်ရတဲ့ ပိုက်ဆံ… ဂေါက်အိတ်ဆို ဂေါက်အိတ်.. ဒင်နာဆို ဒင်နာ.. ဆရာဝန်တော်တော်များများ (အကုန်မဆိုလိုပါ) က အကြီးစား သူတောင်းစားတွေနဲ့ တူပါတယ်.. ချီတာပြောတာ တော်တော်များများနော်.. သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်. သူဆရာဝန်တစ်ယောက်ဆီ သွားပြဖူးတယ်တဲ့… သူ့အဒေါ်ကော သူကော သွားပြတိုင်း အဲဒီဆေးပဲပေးသတဲ့ကွယ်.. မကုန်မချင်းများ ရေးနေရော့လား??? ခင်မြတ် နေမကောင်းလို့ အထူးကုဆေးခန်းမှာ တစ်ခါသွားပြဖူးတယ်.. အဲဒီဆရာမက မညှာမတာ ပြောလိုက်ပါတယ်. ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ …. စေတနာမရှိ၊ ငွေသာမြင်တဲ့ ဆရာဝန်တွေနဲ့ ပြရတာ .. အိမ်မှာ ရောဂါဖြစ်နေတာကမှ တော်ဦးမယ်.. အထူးကုဆေးခန်းမှာ ကိုယ့်အလှည့် ရောက်ဖို့ လေးနာရီတိတိ ငုတ်တုတ်… ပြီးတော့လဲ မသက်သာဘူး.. ဘယ်လောက်များ ဆိုးသလဲလို့.. အဲဒီကတည်းက စိတ်ကုန်နေပါပြီ….. ကိုယ့်ဘာသာကိုယ်ပဲ နေမကောင်းဖြစ်အောင် နေပါတော့မယ်ကွယ်…

တကယ်တမ်းတော်တဲ့ ဆရာဝန်တွေလဲ ရှိပါတယ်။ ဒေါက်တာ သူကြွယ်ခန့်စိုးဆိုတဲ့ ခင်မြတ် သူငယ်ချင်း တစ်ယောက်ဆိုရင် အားတဲ့အချိန်တွေတိုင်း အခမဲ့ဆေးကုတာတွေလုပ်ပေးတယ်။ သူလို ဆရာဝန်မျိုးတွေ အများကြီး ပေါ်ပေါက်လာရင်ကောင်းမှာပဲလို့ တွေးမိတယ်

ပြောတာတွေများသွားပြီ.. ဒီစာအုပ်လေးကို ဖတ်ပြီး ဆရာဝန်ဖြစ်မဲ့ ညီငယ် ညီမငယ်များကို အတုယူစေချင်တယ်…. ဒါကြောင့် ဆရာဝန် ညီငယ် ညီမငယ်များကို ဖတ်ဖို့ တိုက်တွန်းလိုက်ပါရစေနော်….

ခင်မြတ်
(၈.၁၁.၀၉)

Thursday, September 24, 2009

Tiger Beer Excurison Day (24-9-09)

မတွေ့ရတာ ကြာပြီဖြစ်တဲ့ STI .. DLM course မှ သူငယ်ချင်းများနဲ့ ဒီနေ့ တိုက်ဂါးဘီယာကို လေ့လာရေးသွားရမှာ ဖြစ်လို့ ပျော်နေမိတယ်.. မသွားခင်ကတည်းက ဂျီတော့မှာလဲ ဘယ်သူတွေသွားမှာလဲ…. ဘယ်မှာဆုံကြမလဲ.. ရင်တွေခုန်နေတာပေါ့.. STI ကို ၁၂ နာရီကျော်ကျော်လောက် ရောက်သွားတယ်.. မေသက်က ရောက်နှင့်နေပြီ.. မတွေ့တာကြာပြီဖြစ်တဲ့ သူနဲ့စကားတွေပြောရင်း တစ်ခြားလူတွေကို စောင့်လိုက်ကြတယ်.. ကိုဇာကြီးကလဲ ဖုန်းတစ်ကွမ်ကွမ်ဆက်လို့… မသီတာတို့က မလိုက်ဖြစ်ဘူး.. ဒါနဲ့ အင်္ကျီတွေ ဝယ်… လဲကြနဲ့ တစ်ခြားအတန်းက လူတွေနဲ့လဲ မိတ်ဆက်ကြတယ်… သူငယ်ချင်းအသစ်တွေ ထပ်တိုးပါတယ်…. မသွားခင် ဆရာဦးဌေးအောင်က စကားပြောဦးမယ်ဆိုတာနဲ့ အခန်းထဲ ဝင်ထိုင်ကြတယ်.. ခင်မြတ်တို့ကို ဟိုရောက်ရင် ဘာမေးခွန်းတွေမေးသင့် တယ်ဆိုတာကို ဆရာက ပြောပြတယ်.. ဘယ်လိုထုတ်ပိုးလဲ.. ဘူးတွေပိန်ရင် ဓာတ်ပြုပြီး အဆိပ်ဖြစ်တတ်တယ် အဲဒါကိုကော ဘယ်လို ဖြေရှင်းထားလဲ …. စားသုံးသူတွေလက်ထဲရောက်သည်အထိ မေးသင့်တဲ့ မေးခွန်းတွေကို ဆရာက နမူနာ ရှင်းပြတယ်.. ဒါနဲ့ အားလုံးစထွက်ကြတယ်..ခင်မြတ် က မေသက် (အာပိကျိ) ကားနဲ့ လိုက်ခဲ့တယ်… ကိုဇာကြီးကိုဝင်ခေါ်ရတယ်. ခင်မြတ် တို့အတန်းက မရီရီခိုင်၊ မတီတို့ လိုက်ခဲ့တယ်.. မချောလေးယောက် ကိုတစ်ယောက်ပေါ့ ;) ဒါနဲ့ ပျဉ်းမပင်နားက တိုက်ဂါးဘီယာထုတ်တဲ့ Myanmar Brewery သို့ ချီတက်ခဲ့ကြတယ်.. ခရေပင် လမ်းခွဲနားက ကောင်း လက်ဖက်ရည်ဆိုင်နားမှာ ပထမစုရပ်အဖြစ်သတ်မှတ်လိုက်ကြတယ် အဲဒီနားရောက်တော့ ၂ နာရီကျော်ပီ.. တစ်ခြားကားတွေကို စောင့်လိုက်တယ်.. ကားတွေစုံမှ သေချာကြည့်မိတာ (၇) စီးလောက်ရှိမယ်

ဒီလိုနဲ့ထွက်လာတာ ဟိုရောက်တော့ သုံးနာရီထိုးပါပြီ… ကိုယ်မသိတာတွေ လေ့လာရတော့မှာမို့ ပျော်နေပါတယ်.. ဝင်းထဲဝင်တော့ အနံ့တစ်ခုနဲ့အတူ ခံစားမိလိုက်တာကတော့ အရမ်းကို စနစ်ကျတဲ့ စက်ရုံပါဘဲ.. သန့်ရှင်းသပ်ရပ်ပါ. အနံ့ကတော့ ကန်စွန်းဥနံ့လိုလို ကိတ်မုန့်နံ့လိုလို ပထမတော့ ကောင်းသလိုလိုနဲ့ နောက်ပိုင်း အီလာတယ်.. အဲဒါနဲ့ ဘာနံ့လဲမေးကြည့်တော့ ကစော်ဖောက်တဲ့အနံ့ပါတဲ့… ဒါနဲ့ လူအရောက် (၃၈) ယောက်ရှိတဲ့ အဖွဲ့ကြီးဟာ ခန်းမထဲဝင်ခဲ့ပါတယ်.. ရောက်ရောက်ခြင်းမှာ အားလုံးက ဝမ်းပန်းတသာ ကြိုဆိုပါတယ်.. ကုမ္ပဏီက ပြတဲ့ ဘီယာကိုဘယ်လိုထုတ်လဲဆိုတဲ့ presentation ကို ကြည့်ကြတယ်.. ဘီယာကိုရဖို့ မုယောစပါးပင်ပေါက်၊ ဗျစ်ပွင့်၊ ရေ နဲ့ ကစော် တို့ပါဝင်ရတယ်.. အဲဒီမှာ ခါးတာကတော့ ဗျစ်ပွင့်ကြောင့်လို့ဆိုပါတယ်.. ဒီစက်ရုံကထုတ်တဲ့ ဘီယာတိုင်းဟာ supplier ကနေ customer လက်ထဲရောက်ဖို့ အဆင့် (၂၅၀) ကျော်ကိုဖြတ်ရတယ်လို့ ဆိုပါတယ်.

ပြီးတော့ Technical Director ဖြစ်တဲ့ Ronald Chng နဲ့ မိတ်ဆက်ပေးတယ်.. သူက စင်္ကာပူလူမျိုး အင်္ဂလိပ်လိုပြောတာ သိပ်တော့မကောင်းဘူး.. သူစကားပြောပြီးတဲ့နောက် အဖွဲ့ သုံးဖွဲ့ ခွဲလိုက်ပါတယ်… ချီတာကတော့ နောက်ဆုံး အဖွဲ့နဲ့ပဲလိုက်လိုက်တယ်.. နောက်ဆုံးအဖွဲ့ကို လိုက်ရှင်းပြသူကတော့ Secretary of MD ဖြစ်တဲ့ မမေခင်ဇော်ပဲ ဖြစ်ပါတယ်.. တအားလဲ တော်မဲ့သူပါဘဲ…. သေသေချာချာရှင်းပြရှာတယ်.. စက်ရုံထဲရောက်တော့ နည်းနည်းနားအူတယ်လေ .. ဒါကြောင့် လူက သူပြောတာကို သေချာနားမထောင်ဖြစ်ဘူး.. အာပိကျိနဲ့ တူတူ ဓာတ်ပုံတွေလိုက်ရိုက်နေတယ်..း) ကိုဇာကြီးက အောက်ဆင်းပြီပြောမှပဲ လာတော့တယ်.. ခန်းမရောက်တော့ အရှေ့က အဖွဲ့က သောက်တောင် သောက်နေပြီ… မုန့်တွေနဲ့ ဘီယာတွေတိုက်နေပါပြီ.. လုပ်ထားတဲ့ ဘားလေးကလဲ တော်တော်လှပါတယ်.. ချီတာကလဲ သောက်တတ်တော့ အာပိကျိနဲ့ တစ်ယောက်တစ်ခွက်သွားယူတယ်.. ပြီးတော့ ဘီယာပြိုင်ပွဲလုပ်ကြတယ်.. ယောက်ျားလေး ငါးယောက်အရင်ပြိုင်တယ်.. မိန်းကလေး ငါးယောက်အလှည့် ဘယ်သူမှ မထွက် ကြဘူး.. အဲဒီမှာ ပြဿနာစတာပဲ.. ချီတာနဲ့ အာပိကျိကို ဆရာက အတင်းခေါ်တော့တာပဲ.. ဒါနဲ့ မငြင်းနိုင်တဲ့အဆုံး စင်ပေါ်ရောက်သွား ပါကော.. အသောက်ပြိုင်ပွဲမှာ အာပိကျိက ပထမ.. ခင်မြတ်က ဒုတိယရတယ်.. အဲလောက်ချစ်တဲ့ သူငယ်ချင်းတွေ.. ပြီးတော့ သီချင်းတွေ ဆိုကြတယ်.. စင်္ကာပူလူမျိုး Mr. Ronald Chng က မြန်မာလို ပီပီသသဆိုနိုင်ပါတယ်.. တစ်ခြားအဖွဲ့ကလူတွေနဲ့လဲ ရင်းနှီးခဲ့တယ်.. ကဒ်တွေလဲ လဲပေါ့.. ဒီလိုနဲ့ (၆) နာရီကျော်မှာ အဲဒီက ထွက်ခွာခဲ့ပါတယ်.. တောတော်ကို ပျူငှာတဲ့ လူတွေပဲလို့ သတ်မှတ်မိတယ်..

ည (၈) နာရီလောက်မှာ ရန်ကုန်က ကျောင်းကို ပြန်ရောက်တယ်.. တစ်ခြားအဖွဲ့တွေက ဆက်သွားကြမယ်တဲ့ မဖြစ်တော့ဘူး အခုတောင် နောက်ကျနေတာဆိုတော့ ဒါနဲ့ ဆရာ့ကိုနှုတ်ဆက်ပြီး အာပိကျိအိမ်ကိုလိုက်ပို့လိုက်တယ်.. အာပိကျိ ကိုနှုတ်ဆက်ပြီး အိမ်ကို ပြန်ရင်း လမ်းမှာ သူငယ်ချင်းတွေနဲ့ ဗရုတ်ကျတာ ပြန်တွေးရင်း ပျော်နေခဲ့တယ်.. နောက်တစ်ခါ ထပ်သွားချင်ပါသေးတယ်

Wednesday, September 23, 2009

နားလည်ပါ

သူ့ ဘေးမှာ ငုတ်တုတ်

ငါ စကားလုံးတွေ ပျောက်နေပုံက

ထအူပစ်လိုက်ချင်တယ်

ခွင့်လွှတ်ပါ ငါဟာ

ပေါက်ကွဲလွယ်တတ်တဲ့ ဗုံးတစ်လုံး မဟုတ်ဘူး

ချစ်သူရယ်

နားလည်ခြင်းနဲ့

ငါ့ရဲ့ တိတ်ဆိတ်ခြင်းကိုသာ ရှာပေးပါ

င့ါမျက်လုံးကို စိုက်ကြည့်လို့

ငါ့ရင်ထဲဝင်ကြည့်ပေးပါ

ရှင်းမပြပါရစေနဲ့

လည်ပတ်သော နှုတ်ဖျားစကားတွေကြောင့်

သူ့အတွက် မနာကျင်စေလို

သူ့အတွက် နားမယောင်စေလိုဘူး

ပကတိနား ပကတိ မျက်လုံးဖွင့်

င့ါရဲ့ တိတ်ဆိတ်ခြင်းကိုသာ…..

ချစ်သူရယ်

ငါဟာ မပြည့်စုံသူပါ

မင်းရဲ့ တည်ရှိနေခြင်းနဲ့သာ

လောကကို ကျေနပ်နေမယ်

ရှေ့တစ်လှမ်းတိုးမဲ့ ခွန်အားမျိုးတွေ

မင်းအပြုံးမှာသာ တိုးဝင်ချင်ပါရဲ့

မပိုင်နိုင်တဲ့ မျှော်လင့်ချက်ထဲ

ငါ့အတွက် အလင်းအားကြီး တောက်ပခြင်းမျိုး ပေးပါ

ရင်အကွယ်မှာ

ခိုနေတဲ့ မိုးသားအပြာတွေ

မင်းနားလည်ပါ့မလား.. ဒို့နှစ်ဦး ရဲရင့်ခြင်းထက် ပိုပြီးတော့လေ..

(ရိုးမယ်)

Wednesday, August 12, 2009

Strategic Framework by Dr Aung Tun Thet

သြဂုတ်လ (၁၁) ရက်နေ့ NGO တစ်ခုမှာလုပ်တဲ့ အပတ်စဉ် Local NGO များတွေ့ဆုံတဲ့ပွဲမှာ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်ရဲ့ Knowledge Sharing လေးကို နားထောင်ခဲ့ရပါတယ်။ အဲဒါလေးနဲ့ပတ်သက်ပြီး အားလုံးကို ဝေမျှပေးချင်လို့ ရေးလိုက်ပါတယ်။ ဒီပွဲကိုတက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ မကေသီကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ဆရာကြီးက Local NGO အချင်းချင်း စည်းလုံးသင့်ကြောင်း၊ transparency ထင်သာမြင်သာရှိဖို့ လိုကြောင်း၊ Capacity ရှိအောင်လုပ်သင့်ကြောင်း၊ ကိုယ့်မှာသာ Capacity (အား) တွေရှိနေမယ်ဆိုရင် INGO တွေတောင် ကိုယ်ဖိတ်ခေါ်စရာ မလိုဘဲ ကိုယ့်ရဲ့အားတွေမြင်ပြီး ပူးပေါင်းလာနိုင်ကြောင်းကို

အဓိကထားပြောခဲ့ပါတယ်။
Strategic Framework
Where we want to be? ငါတို့ဘယ်ကို သွားချင်တာလဲ.. ??? ငါတို့လိုချင်တာ ဘာများပါလဲ??? အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို တိတိကျကျသိရမယ်။ အဲဒီ Where we want to be ??? ဆိုတာကို သိဖို့ အတွက် အခုလက်ရှိ where are we?? ငါတို့ ဘယ်နေရာမှာလဲ .. အခုလက်ရှိ ဘယ်နေရာကိုရောက်နေပြီလဲ .. capacity ဘယ်လောက်ရှိပြီလဲဆိုတာ ကို အရင်သိအောင် ကြိုးစားရမယ်။
A vibrant civil society ဖြစ်ရပါမယ်လို့ ဆရာကြီးက ပြောပါတယ်။ အန်ဂျီအိုမှာလုပ်သူများဟာ
၁) စွန့်စားနိုင်ရမည်။
၂) တီထွင်နိုင်ရမည်။
၃) ဦးစီးနိုင်ရမည်။
လူမှုရေးလုပ်ငန်းလုပ်ကတည်းက Risk ယူရမယ်ဆိုတာ သိပြီးသားပါ။ လူမှုရေးလုပ်ငန်းမှာ အစိုးရဌာနတွေလို အလွှာတွေမရှိသင့်ဘူး။ တစ်ပြေးတည်းရှိသင့်တယ်။ ဘယ်သူက ဘာရာထူးဆိုတာ အရေးမကြီးပါဘူး။ ဘာလုပ်နိုင်လဲဆိုတာသာ အဓိကပါ။ အရင်တုန်းကတော့ နိုင်ငံတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်နှုန်းကို GDP နဲ့တိုင်းတယ်။ အခုတော့ အဲလိုမဟုတ်တော့ဘူး။ civil society မှာ အလုပ်ဘယ်လောက်လုပ်လဲ ဆိုတာနဲ့ တိုင်းပါတယ်။ ဥပမာတစ်ခုအနေနဲ့ အီတလီရဲ့မြို့တော် အထက်ပိုင်းက ချမ်းသာပြီး အောက်ပိုင်းက ဆင်းရဲတယ်။ ဘာလို့လဲဆိုတာ သုတေသနလုပ်လိုက်တဲ့အခါမှာ မြို့တော်အထက်ပိုင်းမှာ civil society ရှိလို့ ချမ်းသာတယ် ဆိုတာကို တွေ့ရှိခဲ့ရတယ်။
We serve the PEOPLE
အန်ဂျီအိုမှာလုပ်တဲ့သူတိုင်းဟာ servant ပါဘဲ … ဦးဆောင်နိုင်သူကတော့ servant leadership ပေါ့.။ ကိုယ်က ကျေးကျွန် ကိုယ့်သခင်ကတော့ ပြည်သူပါဘဲ။ ပြည်သူတွေအတွက် အလုပ်လုပ်နေကြတာပါ။ Sustainable Development ဖြစ်ရပါမည်။ Development တစ်ခုထဲနဲ့ မရပါဘူး။
Society ထဲမှာ Culture civil society, economy and polity state ဆိုတာတွေက တစ်ခုနဲ့တစ်ခု အချင်းချင်း ဆက်စပ်ပြီးတော့ ရှိတယ်။ အဲလိုရှိမှသာ Sustainable Development ဆိုတာကို ရမယ်။
Local NGO တွေအနေနဲ့Capacity တက်အောင် လုပ်စေချင်တယ်။ အားရှိရမယ်။ မိမိမှာအားမရှိရင်တော့ ဘယ်သူမှ ပူးပေါင်းမှာမဟုတ်ဘူး။ Sustainable Development ဖြစ်ဖို့ economy, society နဲ့ environment တို့ဆက်စပ်မှုဟာလဲ အရေးကြီးတယ်။
အစိုးရကော NGO ကော ပိုက်ဆံတောင်းခံတာ အတူတူပဲ။ တောင်းပုံတောင်းနည်းမတူဘူး။ အစိုးရက အခွန်ကောက်တယ်။ NGO ကတော့ အလှူရှင်တွေဆီကတောင်းတယ်။ ဝင်ငွေရတယ်ဆိုတာ ရှားတယ်။ Social Benefit ကိုတော့ NGO တွေကလုပ်ပေးတယ်။ ဒါပေမဲ့ Social Benefit အများဆုံးဖြစ်တဲ့ Social Enterprises (လုပ်ငန်းတစ်ခုထောင်ပြီး ရသမျှ ပိုက်ဆံကို Society အတွက် လုပ်တာမျိုး။ ဥပမာ- လုပ်ငန်းမှ အမြတ်ငွေ မှန်သမျှကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဒီရေတော စိုက်တာမျိုး) လိုမျိုး မြန်မာပြည်မှာ မရှိသေးဘူး။ ဖြစ်စေချင်တယ်။ ဒီလိုလုပ်ငန်းမျိုးက Sustainable ဖြစ်နိုင်တယ်။ အကယ်၍ Donor ဆီမှ ငွေမရတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ကြိုတွေးထားတာပါ။ နောင်ဘာဖြစ်မလဲ ဘယ်သူမှ ကြိုမပြောနိုင်ဘူး။
Donors နဲ့ NGOs တွေကြားမှာ resource gaps နဲ့ language gaps ရှိတယ်။ ဒါကြောင့်မို့ INGOs တွေက Local NGOs တွေကိုအားကိုးရခြင်းပဲ။ GOVs နဲ့ NGOs ကြားမှာတော့ Trust gaps ကွာနေတယ်။
LONGOs ဆိုတာဘာလဲ
1) Local NGOs ကိုခေါ်တာပါ
2) As distinct from GONGOs (Government organized NGOs ဥပမာ- အမျိုးသမီးရေးရာ) အစိုးရက ဖွဲ့စည်းတဲ့ အန်ဂျီအိုတွေနဲ့ ကွဲပြားခြားနားပါတယ်။
3) အဲဒီ LONGOs ထဲမှာ CBOs (Community Base Organizations), FBOs (Faith Base Organizations), SHGs (Serve Health Groups) တွေပါဝင်ပါတယ်။
4) LONGOs ဆိုတာ Part of the Civil Society ပါဘဲ
Strategies – Three Cs
1) Coordination
2) Collaboration
3) Cooperation ဆိုတဲ့ စီသုံးလုံး LONGOs တွေမှာရှိရမယ်။ ညီညွတ်ဖို့အတွက် ဒီ စီသုံးလုံးကို ကျင့်သုံးရမယ်။ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရမယ်။ အဲဒီလိုလုပ်မှ Capacity ရှိလာမယ်။ ကိုယ့်မှာ CAPACITY မရှိလို့ တစ်ခြား INGOs တွေပါနေရတာပဲ။ ကိုယ်သာ အားရှိခဲ့ရင် တစ်ခြား အန်ဂျီအိုတွေဆီက Proposal တင်စရာမလိုဘဲ ကိုယ်လိုချင်တဲ့ ပရောဂျက်ကို ချပေးချင်တဲ့ INGOs တွေ ရောက်လာမှာအသေအချာပါ။ အခုတွေ့တွေ့နေရတဲ့အချက်တွေကို တစ်ကယ်ပဲ စိတ်မကောင်းဘူး။ LONGOs တွေက အဓိကက ဘယ်က Fund ရမလဲဆိုတာပဲ စဉ်းစားနေကြတာ မကောင်းဘူး။ ကိုယ့်မှာသာ အားရှိခဲ့ရင် ဒါတွေက အလိုလိုရောက်လာမှာပဲ မဟုတ်လား။ Capacity မြင့်အောင် လုပ်ပါလို့ ဆရာကြီးက ပြောကြားခဲ့တယ်။
Strategic Alliances ဖြစ်ရမယ်။ ဘယ်သူတွေဖြစ်ရမလဲ Government, private sector and civil society တို့ ဖြစ်တယ်။
LONGOs နဲ့ business ပူးပေါင်းစေချင်တယ်။ partnership က အရေးကြီးတယ်။
Enhancing the PARTNERSHIP between the Civil Society and Private Sector is important. လို့ ပြောသွားပါသည်။ ကုန်သည်ပွဲစားနဲ့ အန်ဂျီအိုတွေ တူညီတဲ့ Interest ရှိတယ်။ ဟိုးအရင်က စီးပွားရေးသမားတွေဟာ ချမ်းသာတဲ့ လူတွေနဲ့ လူလတ်တန်းစားတွေ သုံးနိုင်တဲ့ ဈေးကွက်ကိုသာ ရှာခဲ့တယ်။ အခုတော့ အဲလိုမဟုတ်တော့ဘူး ဆင်းရဲဆုံးလူတွေသုံးတဲ့ ပစ္စည်းကို ထုတ်နိုင်ဖို့ ကြိုးစားတယ်။ အခုလဲ ဒီလိုပါဘဲ။ အန်ဂျီအိုတွေက ရည်ရွယ်ချက်ဆိုတာလဲ ဆင်းရဲဆုံးလူသားတွေ ကို ထောက်ပံ့ဖို့ပဲဖြစ်တယ်။ ဒါကြောင့် တူညီတဲ့အကျိုးစီးပွား (Common Interest) အတွက်သူတို့ နှစ်ဦး ပူးပေါင်းမယ်ဆိုရင် အရမ်းကောင်းတယ်။
ဘယ်လိုပူးပေါင်းနိုင်မလဲ
Micro-Finance : NGOs and the private sector
အသေးစားချေးငွေလုပ်ငန်းကို လယ်သမားတွေကို ချေးမယ်ဆိုရင် ဖြစ်နိုင်တယ်။ ဘဏ်အတွက်လဲ အတိုးရတယ်။ သူတို့တွေအတွက်လဲ ငွေကြေးအဆင်ပြေနိုင်တယ်။ နောက်တစ်ခုကတော့ သူတို့အလုပ်အကိုင်အဆင်ပြေတာ ကြောင့် ဆန်ရေစပါးပိုထွက်နိုင်ပြီး ပြည်ပဝင်ငွေပိုရလာနိုင်မယ်လို့ ကျွန်မ တွေးမိတယ်။ တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုတာမျိုးလားပဲ။ (ဆရာကြီးက နောက်ဆုံးတစ်ချက်တော့ မပြောပါဘူး ကျွန်မဘာသာ စဉ်းစားမိခြင်းပါ။)
Strengthening Patnership among LONGOs
- Trust
- Openness/Transparency
- Sustainable (What we do if we can’t money from the donors?? That is why our org: should be sustainable)
Strategic Partnership ဖြစ်အောင် LONGOs တွေဘယ်လိုလုပ်မလဲ
- A contractual agreement
- Skills and assets shared
- Each party shares
အိမ်ထောင်ပြုသလိုပဲ ဒီအတိုင်းလုပ်ချင်သလိုလုပ်လို့မရဘူး ပူးပေါင်းတော့မယ်ဆိုရင် သေချာ စဉ်းစားဆုံးဖြတ်ရမယ်။
ဆရာကြီးက နောက်ဆုံးအနေဖြင့် LONGOs က INGOs တွေရဲ့ outsource အလုပ်မခံပါနဲ့။ အဲလိုအလုပ် မခံရအောင်လဲ Capacity ရှိအောင်လုပ်ပါလို့ ပြောချင်တယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဆရာကြီးရဲ့ စေတနာကို ဒီစကားလုံးတွေနဲ့တင် နားလည်လောက်ပါတယ်။ တစ်ကယ်လို့ ကျွန်မတို့သာ လုပ်နိုင်ခဲ့ရင် INGOs ရဲ့ ခိုင်းဘက် အနေနှင့် မဟုတ်ဘဲ .. အိမ်ရှင်အနေနဲ့ ရပ်တည်နိုင်မှာပါ။ LONGOs အားလုံး ညီညွတ်ကျဖို့ မျှော်လင့်ပါတယ်။

(ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ပြောကြားခဲ့တဲ့အချက်တွေကို ပြန်ပြောပေးတာပါ။ အကုန် လိုက်မမှတ်နိုင်တဲ့ အတွက် လိုအပ်ချက်များရှိပါတယ်ရှင် ခွင့်လွှတ်ကြပါ)


Friday, June 26, 2009

Foundation of Myanmar Orphans Support Network

MOSN ရဲ့ပထမဆုံး အဖွဲ့စတင်ဖွဲ့စည်းခြင်း အထိမ်းအမှတ်လေး အဖြစ် အလှူအတန်းလေး လုပ်မယ်ဆိုတော့ ခင်မြတ်တစ်ယောက် စိတ်ပူမိတယ်။ ဟိုဟာ စီစဉ်ရ ဒီဟာစီစဉ်ရနဲ့ လိုအပ်သွားမှာ မပြည့်စုံမှာကို ကြောက်ခဲ့ ရတယ်။ အလှူမလှူခင် TOP CHOICE ပိုင်ရှင် ကိုမိုးထိုက်က စိတ်ဝင်စားတယ်ဆိုတာနဲ့ အဖွဲ့ရဲ့ လှူမည့် ပုံစံ အကြောင်းကို စနေနေ့မှ သွားရှင်းပြခဲ့တယ်။ ခင်မြတ် ဆီရောက်လာတဲ့ အလှူငွေ နှစ်သိန်းထဲကနေ တစ်သိန်းကျော်ဖိုးကို ဗလာစာအုပ် ဒါဇင် ၁၀၀ ကို ကိုမိုးထိုက်ဆီကပဲ ဝယ်ခဲ့ပါတယ်။ သူကိုယ်တိုင်လဲ ၁၅ ဒါဇင် လှူဒါန်းခဲ့တယ်။ နောက်လဲ လိုအပ်တဲ့ အကူအညီလိုရင် သူ့ဆီကို ပြောပါလို့ ပြောခဲ့ပါတယ်။

စနေနေ့က ငွေစာရင်းတွေလုပ်ရ၊ ပစ္စည်းဝယ်ရနဲ့ ခင်မြတ် ညမှ အိမ်ပြန်ရောက်တယ်။ ညရောက်တော့လဲ မနက်ဖြန် ပေးထားတဲ့လူစာရင်း များတော့ ရပါ့မလား ဆိုပြီး စိတ်ပူပြီး အိပ်မပျော်ခဲ့ပြန်ဘူး။ ခင်မြတ်ကို ကားလိုရင် အကူအညီပေးပါ မယ်ဆိုပြီး ကိုအောင်အောင် ဖုန်းဆက်ထားတော့ စိတ်နည်းနည်းချရတယ်။ မနက်ရောက်တော့ မိုးသံကြောင့် နိုးလာရင်း စာအုပ်တွေတော့ ရေစိုတော့မှာပဲ ဆိုပြီး စိတ်ပူပူနဲ့ပေါ့။ မေမေကလဲ ခင်မြတ်ကြောင့် မနေရပါဘူး။ အိမ်နားက ကားကို ငှားသွားမလား သမီး။ မေမေလိုက်ပြောပေးမယ်ဆိုပြီး

။ လူက အဓိကမဟုတ်ဘူးလေ.. ပစ္စည်းတွေက အဓိက ဖြစ်နေတော့။ နောက်တော့ ကိုအောင်အောင်ကို သတိရသွားပြီး ဖုန်းလှမ်းဆက်ရတယ်။ မနက် စောစောစီးစီး ၇ နာရီကတည်းက အားနာနာနဲ့ ဆက်ပြီး အကူအညီတောင်းရတော့တာပဲ။ ကျွန်တော် လာခဲ့မယ်လို့ ကိုအောင်အောင် ပြောမှ သက်ပြင်းချ နိုင်တယ်။

မနက်ကို ၈ နာရီ မထိုးခင်ကတည်းက ခင်မြတ် ရုံးကိုရောက်နှင့်နေတယ်။ စိတ်ကလဲ ပူနေတယ်လေ။ မိုးတွေရွာတော့ လူတွေမှ လာပါ့မလားဆိုပြီး အဲဒီအချိန်မှာ MOSN က ကိုသက်တစ်ယောက် အစောကြီး ရောက်လာတယ်။ သူက ဝိုင်းကူ နောက် မကေခိုင်တို့ လဲ့လဲ့တို့ ယောက်လာတယ်။ ၈ နာရီခွဲတဲ့အထိ လူက သိပ်မလာသေးဘူး. ၉ နာရီ ထိုးခါနီးတော့ တဖွဲဖွဲရောက်လာတော့မှ ပျော်သွားတော့တယ်။ ကိုအောင်အောင်ကားလဲရောက်တော့ ပစ္စည်းတွေတင်နဲ့ ရုံးက ကားနှစ်စီး၊ နောက် ကိုဇင်လင်းဇော်နဲ့ ကိုကျော်ဇေယျကား တို့နဲ့ စုစုပေါင်း ကား ငါးစီးနဲ့ ထွက်လာခဲ့ကြတယ်။ မအေးမြင့်ခိုင်ကားကို တော့ OCEAN မှာ ရပ်ထားခဲ့ပြီး ကိုကျော်ဇေယျနဲ့ တူတူလိုက်ခဲ့တယ်။ လပြည့်ဝန်းက စထွက်ခဲ့တာက ၉ နာရီ ၄၅ လောက်၊ ကိုးမိုင်က ထွက်တော့ ၁၀ နာရီ ၁၀ မိနစ်ရှိနေပြီ။ ခရေပင်လမ်းခွဲရောက်တော့ ကျောင်းက အပြင်ကို ပြန်ထွက်ရတာ ဝေးတာမို့လို့ အဖွဲ့ဝင်တွေ မုန့်ဆင်းစားကြ၊ မုန့်ဝယ်ကြပေါ့။ မအေးမြင့်ခိုင်က အဖွဲ့ဝင်တွေအတွက် ပေါင်မုန့်တွေဝယ်ပေးတယ်။ ကိုသက်က ရေဘူးတွေ ဝယ်ပေးတယ်။ တကယ်ကို အားရစရာပဲ.. အဖွဲ့ဝင်တွေက အချင်းချင်း ရိုင်းပင်းကြတယ်။

မုန့်ဆိုင်ကနေ ၁၁ နာရီလောက်ထွက်ခဲ့တယ်။ ဟိုကိုရောက်တော့ လမ်းက ကျော်သွားလို့ နောက်ပြန်လှည့်ရသေးတယ်။ လမ်းထိပ်မှာ မြသိင်္ဂီက မသူဇာ လာစောင့်ပေးနေလို့ ကျေးဇူးတင်ရတယ်။ လမ်းတစ်ဝက်လောက်ကျတော့ ရေတွေနဲ့ ကားတွေ သွားလို့မရလို့ လူတွေ ရေကူးသွားရတော့တာပဲ။ မိုးကိုတောင် ကျေးဇူးတင်မိတယ်။ အဆိုးထဲက အကောင်း ရလိုက်တာကတော့ အဖွဲ့ဝင်အချင်းချင်း ရင်းနှီးသွားကြတာပါဘဲ။ မိုးထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ကူညီရိုင်းပင်းရင်း သွားခဲ့ကြတယ်။ ခင်မြတ် ဖိနပ် ဗွက်ထဲနစ်သွားလို့ ကိုကျော်ဇေယျ ပြန်ရှာပေးရတယ်။ ခင်မြတ် သူငယ်ချင်းတစ်ယောက်က ခြေထောက်ကွဲသွားတယ်။ စာအုပ်တွေ၊ ပစ္စည်းတွေကို ကိုရင်လေးတွေ မယ်သီလရှင်လေးတွေနဲ့ MOSN က လူငယ်တွေ ဝိုင်းသယ်ကြတာပေါ့။

ကျောင်းရောက်တော့ ၁၂ နာရီလောက် ကျောင်းက ချက်ထားတဲ့ မုန့်ဟင်းခါးတွေကို အားရအောင် စားကြရတယ်။ ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ခင်မြတ်တို့ အဖွဲ့က လှူတဲ့စာရင်းတွေကို ဆရာမလေး မသူဇာနဲ့ ဝိုင်းလုပ်တယ်။ ပြီးတော့ အားလုံး လှူဒါန်းသမျှကို ဆရာကြီး ဒေါ်သီလဝတီကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ပစ္စည်းစာရင်းလေးကတော့ အပေါ်မှာတင်ထားတဲ့ အတိုင်းပါဘဲ။ အားလုံး မေတ္တာပို့ အမျှဝေပြီးတော့ MOSN အစည်းအဝေးလေးကို စတင်ခဲ့ပါတယ်။ ဦးသောင်းစုငြိမ်း အပေါ်မှာရှင်းပြခဲ့တဲ့ အတိုင်းပါဘဲ။

အလုပ်အမှုဆောင်တွေအနေနဲ့ လုပ်ဆောင်ပေးမည့်သူစာရင်းကတော့
၁) ဦးသောင်းစုငြိမ်း
၂) ကိုကျော်ဇေယျ
၃) မကေခိုင်
၎) ခင်မြတ်
၅) လဲ့လဲ့
၆) တင်မြတ်ထက်
၇) ကိုဇင်လင်းဇော်
၈) မအေးမြင့်ခိုင်
၉) ကိုသက်
၁၀) မဥမ္မာရည်
၁၁) မ Cathy
၁၂) မယုယုဇင်
၁၃) မသဇင်ခိုင် တို့ ဖြစ်ပါတယ်။

ဘယ်သူ ဘာတာဝန်ဆိုတာတော့ လောလောဆယ် မသတ်မှတ်ရသေးပါဘူးရှင်။

Wednesday, May 6, 2009

နာဂစ် တစ်နှစ်ပြည့်ခရီး

ဘာလိုလိုနဲ့ နာဂစ်ကြီးတောင် တစ်နှစ်ပြည့်ဖြစ်သွားပါရော.. ဒီလို မုန်တိုင်းကြီးကြောင့် အရင်နှစ်ဆို အသက် အိုးအိမ် စည်းစိမ်တွေ ပျက်လို့ မြန်မာပြည်မှာ ကမ္ဘာပျက်မတတ် ဖြစ်ခဲ့ဖူးတာ သတိရကြမှာပါ… အခုထိ ပြန်လည်ထူထောင်ရေးတွေ လုပ်နေဆဲ မပြီးသေးတဲ့ ကာလပါ… ပျက်တာက လွယ်တယ်.. ပြန်လည် ထူထောင်လုပ်ရတာ တကယ်မလွယ် လှပါဘူး.. အရင်နှစ်က နာဂစ်ကြောင့် လပွတ္တာကို ရောက်သွားခဲ့တယ်.. သူငယ်ချင်းတွေနဲ့ ပင်ပင်ပန်းပန်း သွားလှူခဲ့တာ ခုထိ မမေ့နိုင်သေးဘူး… အခု တစ်နှစ်ပြည့်မှာ ရုံးက အလုပ်ကြောင့် ဒေးဒရဲကို ရောက်ခဲ့ရပြန်တာပေါ့….

သွားမယ်ဆိုတော့ Online Donation အဖွဲ့နဲ့ပဲ လိုက်သွားမယ်လို့ ကိုခရုကိုပြောကြည့်တယ်.. အဆင်ပြေတာနဲ့ လိုက်သွားမယ်ပေါ့… ထင်တာက မနက် ၆ နာရီလောက်မှ သွားမယ်ထင်တာ… ဖြစ်ချင်တော့ မနက် သုံး နာရီတဲ့.. အိမ်ကနေ အဲဒီအချိန်မှ ကားငှားလို့ မဖြစ်.. ဒါနဲ့ပဲ ရုံးမှာ ညသွားအိပ်ရပါရော.. မနက်သုံးနာရီဆိုတော့ မအိပ်ချင်တော့ဘူး.. အိပ်လည်း မအိပ်တတ်ဘူး.. ခုံပေါ်မှာ ဒါနဲ့ပဲ အခွေထိုင် ကြည့်လိုက်တယ်.. ကြည့်တာက သရဲကား.. အဲဒါနဲ့ နှစ်နာရီထိုးသွားတယ်.. သွားရမှာလည်း တစ်ယောက်တည်းဖြစ်နေတာနဲ့ သူငယ်ချင်းလေးကို လိုက်ခိုင်းရတယ်.. သူကလည်း အားကိုးရပါတယ်.. တစ်လမ်းလုံး သူပဲ ကိုယ့်ကို မှီအိပ်တာလေ.. ကားပေါ်မှာ လည်း မပျင်းရအောင် ဂိမ်းကစားကြတယ်။… ဒီလိုနဲ့ ရန်ကုန်ထဲကနေ ထွက်လာလိုက်တာ ဒေးဒရဲကို (၈) နာရီကျော်တော့ရောက်တယ်.. ဒေးဒရဲမြို့က တိုက်ကျောင်းတိုက်က ဆရာတော်ကို ကန်တော့ပြီး ဆရာတော်ကျွေးတဲ့ မုန့်ဟင်းခါးကို စားကြတယ်.. ပြီးတာနဲ့ သင်္ဃန်းဆပ်ကပ်တယ်.. ရုံးကိုယ်စား ခင်ြမတ်ကပဲ ကပ်ပေးရတာပေါ့.. နောက်ရေစက်ချပြီး.. နာဂစ်တုန်းက သေဆုံးသွားသူတွေကို အမျှဝေခဲ့တယ်..

ပြီးတာနဲ့ ကိုအောင်မျိုးသူ အဖွဲ့ခွဲပေးလို့ ကိုယ်ပါတဲ့အဖွဲ့နဲ့ လိုက်သွားခဲ့တယ်.. လှေ တစ်နာရီနီးပါး နေပူထဲမှာ စီးရတယ်.. တော်သေး တာပေါ့ ထီးပါလာလို့.. ပြီးတော့ ကမ်းရောက်တော့လည်း ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရတာ.. ကြံတောထဲဖြတ်… ဝါးလုံးတံတားလေးတွေကူးနဲ့ပေါ့… ဟိုရောက်တော့ ရွာခံ အိမ်တစ်အိမ်မှာ နားတယ်… ၁၁ နာရီခွဲလောက်ရှိပြီ… ရွာကလူတွေကျွေးတဲ့ ကောက်ညှင်းပေါင်း… လက်ဖက်… အုန်းရည်.. ကြံ တွေကို စားကြတာပေါ့… ကိုယ်ပဲ မစားရတာ .. ဗိုက်အောင့်နေလို့လေ… စားရင်း နားကြတယ်…. ပြီးတော့ လှူမဲ့ပစ္စည်းတွေကို ခွဲ ဝေ ထုတ်ပိုးပြီး… ရယ်စရာတွေ ပြောကြနဲ့ တအားပျော်ဖို့ကောင်းတယ်.. ဘုန်းဘုန်းတွေ လည်းပါတယ်လေ.. ဘုန်းဘုန်းတွေကလည်း ဆိုဆုံးမနဲ့ပေါ့… ပါလာတဲ့သူကတော့ အိပ်ပျော်တာ ဟောက်တောင် ဟောက်လို့ရတယ်… နောက် သူတို့တွေလှူထားတဲ့ အိမ် (၂၂) အိမ်ကို လိုက်ကြည့်ရင်း အိမ်တိုင်းကို ဘုရားဆင်းတုတော်နဲ့ အိုးခွက် ဇွန်း ပုဂံတွေ လှူခဲ့တယ်.. ခင်မြတ် ဗိုက်အောင့်နေလို့ ဘယ်လိုမှ မလိုက်နိုင်ခဲ့ဘူး.. ပင်ပင်ပန်းပန်းသွားရတယ်ပြောတယ်.. လမ်းမပေါက်လို့ ကြံခင်း ထဲဖြတ် ပုရွက်ဆိတ်အုံမရှောင် သွားခဲ့ရတယ်တဲ့…သူတို့တွေ နောက် ချောင်းကူးပြီး အိမ်နှစ်အိမ်ကိုလည်း သွားပေးခဲ့သေးတယ်… ဒီလိုနဲ့ ပြန်ရောက်လာတာ (၂) နာရီ… နားပြီး.. တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက် .. နောက်နေတာနဲ့ (၃) နာရီထိုးတော့ အဲဒီ ကျွန်းကလေးက ထွက်ခဲ့ကြတယ်.. (၄)နာရီမှာ ဘုန်းကြီးကျောင်းပြန်ရောက်တယ်.. ဒီတော့မှ နေ့လည်စာစားရတော့တယ်… ပြီးတော့ ကော်ဖီသောက်.. မလာသေးတဲ့ တစ်ခြားအဖွဲ့တွေကို စောင့်ရင်းနဲ့ (၅) နာရီ ကျော်တော့ ဒေးဒရဲကို နှုတ်ဆက်ချိန်တန်ပြီလေ….

ပြန်တော့ ကားပေါ်မှာ ထပ်ပြီး ဂိမ်းကစားကြတာပေါ့.. ပြီးတာနဲ့ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ပေးကြတယ်.. အဲဒီမှာ နာမည် တွေကို လှောင်ကြတာပေါ့.. လူငယ်တွေများတော့ ပျော်စရာကောင်းတယ်.. လူကြီးတွေပါပေမဲ့လည်း လူငယ်တွေနဲ့ ပျော်တတ်တဲ့ လူကြီးတွေဖြစ်နေလို့ မပျင်းရပါဘူး… ဒီလို တော်တဲ့ လုပ်နိုင်တဲ့ Online Donation အဖွဲ့က ကိုအောင်မျိုးသူ (Energy) ကိုလည်း တအား အားကျတယ်… မလွယ်ပါဘူး.. သူတို့ ဘယ်လောက် စိုက်ထုတ်ထားတဲ့ ခွန်အားတွေလဲ… လာမယ့်ကဆုန်လပြည့်နေ့မှာ ရွှေတိဂုံမှာ အအေးလှူမယ်တဲ့… လာကူညီပေးပါဦးဆိုလို့ သွားကူညီမယ်… ကိုယ်တို့ နှစ်ယောက်ကို တူတူလာခဲ့ပါဆိုလို့ သွားရဦး မှာပေါ့… ရန်ကုန်ရောက်တော့ (၉) နာရီခွဲတော့မယ်.. အဲဒီကနေကားငှားပြန်တာ အိမ်ကို ၁၀ နာရီမှ ရောက်တော့တယ်.. အရမ်းပင်ပန်း တယ်.. အရမ်းလည်း ပျော်တယ်.. မညီးမညူလိုက်ပေးတဲ့ သက်ထွဋ်ဦးကိုလည်း တအားကျေးဇူးတင်တယ်… သူသာမပါရင် ခင်မြတ် ပျင်းနေမှာပဲ …. တကယ်မမေ့နိုင်တဲ့ ခရီးလေးပါ… နောက်လည်း သွားချင်ပါသေးတယ်

Friday, March 20, 2009

စိတ်

စိတ် ဆိုတာ တစ်လုံးထဲရှိလို့သာပဲ…တော်တော်ပွေးတဲ့ကောင်လို့ ပြောချင်တယ်… လူတိုင်းမှာ ဆိုက်ကိုရှိတယ်လို့ ပြောရင် သင်ငြင်းမလား….. ကိုယ်က သူများတွေရဲ့ ဆိုက်ကိုကိုလည်း စိတ်ဝင်စားပြီး ကိုယ့်ရဲ့ ဆိုက်ကို ကိုလည်း မြင်အောင်ကြည့်တယ်.. ခက်သားလား.. သိပေမဲ့လည်း မပြင်နိုင်တာ….. လူတွေရဲ့ပြုမူ ပြောဆို ဆက်ဆံပုံတွေကို တခါတလေ အလေးအနက်ထားကြည့်ပြီး… သူ့ပတ်ဝန်းကျင်ကို ထည့်တွက်ပြီး ဖြည့်တွေးကြည့်ပါလား… အပြစ်မြင်နိုင်ပါဦးမလား….

လူတွေရဲ့ ဆိုက်ကို အပြုအမူတွေဟာ သူတို့နေခဲ့ရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တယ်ဆိုတာ သင်ယုံမလား… ကိုယ်ကတော့ အကြွင်းမဲ့ယုံတယ်… ပတ်ဝန်းကျင်လွှမ်းမိုးမှုဟာ စိတ်ကို ပြောင်းလဲစေနိုင်တယ်…. အရင်က ကောင်းခဲ့သော်ငြားလည်း ခုဆိုးချင်ဆိုးသွားနိုင်တယ်… သူဘာတွေ တွေ့ကြုံခဲ့ရသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်… Same sex ကို စိတ်ဝင်စားတဲ့ကလေးဟာ သူ့စိတ်ထဲမှာ different sex အဖေ သို့မဟုတ် တခြား တစ်ယောက်အား ရွံမုန်းခြင်း.. မလေးစားခြင်း တွေကြောင့် ဖြစ်သွားနိုင်တယ်… ငယ်ငယ်တုန်းက သဘောကောင်း ပေမဲ့ ကြီးလာရင် ဆိုးသွားနိုင်တယ်.. ဥပမာ ကိုယ်လေ.. အရင်က တအားကို သူငယ်ချင်းတွေကိုခင်တတ်တယ်.. ကိုယ်ခင်သလို မခင်တာများတော့ ကြာတော့ ဘယ်သူနဲ့မှ မဆက်ဆံချင်လို့ ဘုဘောက် ထဟောက်ပစ်ခဲ့တယ်… ဂျီတော့မှာဆို ကိုယ့်ကို ဆွာတေးတဲ့ …

ကိုယ့်မှာ အသေးအဖွဲ ဆိုက်ကိုကတော့ အရူးသောက်တဲ့အတိုင်း ရေသောက်တာပဲ ဟာဟ.. အဲလိုပြောလို့ တမျိုးမထင်နဲ့နော်….ပုံပြင်တစ်ပုဒ်ထဲမှာ လူတစ်ယောက်က ရေအရမ်းဆာတော့ ရေချမ်းစင်တစ်ခုမှာ ရေသောက်မယ်လုပ်တာပေါ့.. ဒါပေမဲ့သူက အရမ်းအသန့်ကြိုက်တာလေ… ဒါနဲ့သူက ပါးစပ်ကို ရေခွက်ကိုင်းနားမှာ တေ့ သောက်တယ်.. အဲဒါကို အဲဒီနားမှာ ထိုင်နေတဲ့ အရူးမြင်တော့ ဟာဟ ငါသောက်သလို လိုက်သောက်တယ်တဲ့… ကိုယ်လည်း အဲလိုသောက်တယ်.. အဲဒါဆိုက်ကိုပဲ… မထင်မှတ်ဘဲ အမြဲ ဒီလိုသောက်မိ တာကို သတိထားမိလာတာ…

ပြီးတော့ ကိုယ့်မှာ အရမ်း SELF CONFIDENCE နည်းတယ်… ကိုယ့်ဘာသာလည်းသိတယ်… ဒီအလုပ်က ဖြစ်ပါ့မလား… ငါလုပ်နိုင်ပါ့မလား … ငါလုပ်လိုက်ရင်လွဲသွားမလား.. ဒါပေမဲ့ သိသိရက်နဲ့ ယုံကြည်မှုမရှိတာပါ… ဒါပေမဲ့ ကိုယ်လုပ်ချင်လာပြီဆိုရင် မဖြစ်ဖြစ်အောင် လုပ်တတ်တယ်… RISK ယူရမယ်ဆိုလည်း ရတယ်… ဘာလို့ ယုံကြည်မှုမရှိတာလဲဆိုတာကို ဆန်းစစ်လိုက်တော့ ကိုယ်ငယ်ငယ်တုန်းက မျှော်လင့်ချက်တွေ ပျက်ခဲ့ဖူးတယ်…. အဲဒါတွေက ကလေးဘ၀မှာ ဘာမှမဟုတ်ပေမဲ့ အဲဒါကို စဉ်းစားမိတိုင်း ကိုယ်ငိုချင်တုန်းပါဘဲ…..

ခုနှစ်တန်းတုန်းကပါ ကိုယ်စာအရမ်းကြိုးစားတယ်.. အားလုံးရဲ့ အေခန်းမှာပေါ့…. ကိုယ်က စာသိပ်မတော်ပါဘူး.. ၁ ကနေ ၃ အတွင်းတော့ဝင်ချင်ခဲ့တယ်.. ဒါကြောင့် စာကို အသည်းအသန်လုပ်ဖူးတယ်…. ဘယ်လောက်လုပ်လဲဆို ညဆို ၂ နှစ်ရာမှအိပ်တာ… အောက်က ခြင်ဆေးခွေက မီးပေါက်လို့ပေါက်မှန်းမသိအောင်ပါ…ဒါပေမဲ့ အတန်းတင် စာမေးပွဲမှာ အဆင့် ၄ ပဲရခဲ့တယ် … အဲဒါကြောင့် တအားစိတ်ဓာတ်ကျပြီး ငါသေလုအောင် စာကျက်တာတောင် ဒီလောက်ပဲရတယ်.. ငါဘာလုပ်လုပ်ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ ဆိုက်ကို ၀င်ခဲ့တာပဲ… ဒါကို ဆရာမလည်း ဖြစ်တဲ့ အဒေါ်က အားပေးဖော်မရခဲ့ဘူး.. ကလေးတစ်ယောက်အတွက် ဒါက အနက်ရှိုင်းဆုံးနေရာကို ရောက်ခဲ့မယ်ဆိုတာကို သူတို့ မသိတာလား… သူတို့ခေတ်တုန်းကလည်း စာမရရင် ရိုက်ရမယ်ဆိုတာကို အရိုးစွဲ ခဲ့တာကိုး…

နောက်တစ်ခါကတော့ နှစ်တန်းလောက်တုန်းကပေါ့..ကိုယ်က စက်ဘီးအရမ်းလိုချင်ခဲ့တာ.. ဒါနဲ့ပဲ မေမေ့ကိုပူဆာတာပေါ့…. မေမေက ပြောတယ် ဝယ်ပေးမယ်လို့ ကိုယ့်ကို မျှော်လင့်ချက်ပေးခဲ့တယ်.. ဒီလိုနဲ့ တဖြည်းဖြည်းကြီးလာတယ်… ခြောက်တန်း ခုနှစ်တန်း… ရှစ်တန်း… သူငယ်ချင်းတွေနဲ့ စက်ဘီးစီးထွက်ရင် ကိုယ့်မှာ သူများနောက်ကပဲ လိုက်စီးရတယ်.. ကိုယ်ကိုယ်တိုင်နင်းချင်ခဲ့တာလေ (အဲဒီကတည်းက သူများနောက်လိုက်လုပ်ရမှာ သိပ်စိတ်မ၀င်စားဘူး ဆိုတာ အဲလိုဘာမဟုတ်တာလေးတွေက တစ်ဆင့် မြင်နိုင်တယ်) ဒီလိုနဲ့ မေမေ၀ယ်မပေးခဲ့ဘူး… အခုအချိန်ထိ စက်ဘီးလည်း ကောင်းကောင်းမစီးတတ်ခဲ့ဘူး…. ခုချိန်မှာဝယ်ပေးတောင်မလိုချင်သလို… စက်ဘီးစီးရင်တောင် လမ်းမပေါ်ထွက်မစီးရဲတဲ့အထိ ယုံကြည်မှုမဲ့ခဲ့တယ်…ကိုယ် ဘယ်လောက်ထိစက်ဘီး လိုချင်လဲဆိုရင် အိမ်မက်ထဲ ထိတောင် ထည့်မက်သူပါ.. (အခုအချိန်ထိ တစ်ခါတစ်လေ အလုပ်မပြီးသေးရင် အိမ်မက်ထဲအထိ အလုပ်အကြောင်း မက်တယ်) ဒါကို မေမေ မသိခဲ့ဘူး.. ခုချိန်ထိ ကိုယ်အမုန်းဆုံးက မျှော်လင့်ချက်ပေးတာပဲ.. ကိုယ့်ကို မေမေ မျှော်လင့်ချက်ပေးခဲ့တယ်.. ဒီအကြောင်းစဉ်းစားလည်း ငိုချင်တုန်းပါပဲ… အဲဒီ မျှော်လင့်ချက်မဲ့တာက ကိုယ်သိပ်ချစ် ခဲ့တဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ ထပ်ခံစားရတယ်… သူက ကိုယ့်ကို သူငယ်ချင်းထက်မပိုခဲ့ဘူး…. အဲဒီနောက်ပိုင်း ကိုယ်ဘာကိုမှ မမျှော်လင့်ရဲသလောက်ပဲ…. တစ်ခုခုကို မျှော်လင့်ချက်အတွက်နဲ့ မလုပ်ချင်တော့ဘူး…

စရိတ်

ဘာကိုမှမမျှော်လင့်ရဲတဲ့
င့ါအတွက်
နင့်ဆီက
မျှော်လင့်ချက်ဆိုတာကော
ရှိသေးရဲ့လား
ကမ်းပြိုလို့
မြစ်ကျယ်တာတော့
မဖြစ်ချင်ဘူး……
င့ါရင်းနှီးမှုစရိတ်
တကယ်ကြီးတယ်

ကဲ စာလည်းရှည်နေပြီဆိုတော့ တော်တော်ပျင်းမှာပါ ဒါပေမဲ့လည်း သိစေချင်တာကတော့ ကိုယ့်ကလေးပဲဖြစ်ဖြစ် ဘယ်သူကိုယ်ပဲဖြစ်ဖြစ် မဖြစ်နိုင်မှန်းသိရက်နဲ့ မျှော်လင့်ချက်မပေးပါနဲ့ ကလေးဆိုတာ အရမ်းကို နုနယ်သေးတဲ့ အရွယ်ပါ.. ဒီအချိန်မှာ စိတ်အနာတရအဖြစ် ကျန်ခဲ့မယ်ဆိုရင် ဘာမဟုတ်တာလေးက အဲဒီကလေး အနာဂတ်ကို ထိခိုက်သွားမှာပဲ… နုနယ်တဲ့ ကလေးအရွယ်မှာ စိတ်ဒဏ်ရာ မရအောင် ဂရုစိုက် ထိန်းသိမ်းပေးကြပါ…

Sunday, March 1, 2009

ဘယ်အသက်က အရွယ်ရောက်ပြီလို့ ဆိုနိုင်လဲ???



ကမ္ဘာပေါ်မှာ နိုင်ငံတွေကွဲပြားခြားနားကျသလို လူတွေရဲ့ အရွယ်ရောက်တဲ့ အသက်အပိုင်းအခြားကလည်း ကွဲပြားကြတာပါဘဲ.. အရွယ်ရောက်ခြင်းဖြင့် အချိန်ပိုင်းအလုပ်လျှောက်ထားနိုင်မယ်… မဲပေးနိုင်မယ်.. အိမ်ထောင်ပြု နိုင်မယ်.. ယာဉ်မောင်းလိုင်စင်လျှောက်နိုင်မယ် စတဲ့ အလုပ်တွေလုပ်နိုင်တော့မှာလေ.. နောက်အဓိပာယ်တစ်မျိုးက တော့ အဲဒီအလုပ်တွေအတွက် သင့်မှာတာဝန်ယူတတ်တဲ့စိတ်ရှိရမယ် ဆိုတာကိုလည်း… သိထားရမယ်.. လူကြီးဖြစ်ပြီပေါ့နော်….




များသောအားဖြင့်တော့ ၁၆ နှစ် မဟုတ်ရင် ၁၈ နှစ်ကို အရွယ်ရောက်ပြီလို့ ယူဆကြတယ်.. လူငယ် လူရွယ်တွေ ဒီအသက်ရောက်ပြီဆို.. အချိန်ပိုင်းအလုပ်နဲ့ ပထမဆုံး သူတို့ရဲ့ကိုယ်ပိုင်ငွေနဲ့ စ နေတော့မယ်.. သူတို့မိဘတွေ ဆီကနေ ပိုက်ဆံအတွက် တစ်ချိန်လုံး မှီခိုစရာမလိုတော့ဘူး… အနောက်အမေရိကတိုက် တော်တော်များများမှာ ဆိုရင် ၁၆ နှစ်မှာ ယာဉ်မောင်းလိုင်စင်ရယူနိုင်တယ်.. အင်္ဂလန်မှာတော့ ၁၇ နှစ်မှ… ယူနိုင်မယ်…






ဒီလို အရွယ်ရောက်သွားလို့ သူတို့မှာ တာဝန်ကိုယ်စီရှိလာတာပဲ.. တာဝန်ယူတတ်တဲ့စိတ်ထားကို စလုပ်ပေးလိုက် တာပဲပေါ့… အချိန်ပိုင်းအလုပ်ရခြင်းဖြင့် အခွန်ပေးဆောင်ရန် တာဝန်ရှိလာတယ်.. ကားမောင်းခြင်းဖြင့် သူတို့ စည်းမျဉ်း စည်းကမ်းတွေလိုက်နာရမယ်.. ဥပမာ ကားမောင်းဖို့အတွက် အာမခံကြေးထားတာတို့….




မဲပေးတာကတော့ လူငယ်တွေအတွက် အရွယ်ရောက်လာပြီဆိုတာ သိမှတ်ခံရခြင်းတစ်ခုပါပဲ… အမေရိကား၊ ကနေဒါ နှင့် ယူကေ တို့က လူငယ်တွေမှာ မဲပေးဖို့အသက်အရွယ်က ၁၈ နှစ်ဖြစ်ရပါမယ်.. လွယ်လွယ်နဲ့တော့ မဲပေးလို့မရဘူးလေ.. ဒါကလည်း သူတို့ကို တာဝန်တစ်ရပ်ပေးလိုက်တာပါဘဲ.. ရမ်းသမ်းမဲပေးဖို့လုပ်ခိုင်းလိုက်တာ မဟုတ်ပါ… (ဒီနေရာမှာ ဒါခြစ်လိုက် မဟုတ်ဘူးလေ)…. ဘယ်လို ဥာဏ်ရှိရှိမဲပေးမလဲ.. ပတ်ဝန်းကျင်ရဲ့လိုအပ်ချက် ကို လုံးဝနားလည်ထားရပြီးတော့ မူဝါဒတွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပါ.. နားလည်နိုင်ဖို့ကြိုးစားရမယ်…




ကနေဒါနိုင်ငံ Alberta မှာရှိတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တစ်စုကတော့ သူတို့ဟာ မဲပေးတဲ့ဥပဒေကို ပြောင်းချင်ကြတယ်.. သူတို့က ၁၆ နှစ်ဟာ မဲစတင်ပေးသင့်တယ်လို့ ထင်ကြတယ်… သူတို့က ပြောတယ်.. အကယ်လို့ ၁၆ နှစ်နဲ့ အချိန်ပိုင်းအလုပ်လုပ်ဖို့ လုံလောက်မယ်.. အခွန်ဆောင်မယ်… ယာဉ်မောင်းလိုင်စင်ရမယ်ဆိုရင် … ၁၆ နှစ်ဟာ ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးဖို့လည်း လုံလောက်တဲ့ အသက်လို့ ပြောကြတယ်..




အကုန်လုံးကတော့ အဲဒါဟာ အားလုံးအတွက် အကောင်းဆုံးတွေပါလို့ သဘောမတူထားပါဘူး… ငယ်လွန်းတဲ့ လူတွေအတွက် တာဝန်ယူဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ဆိုကြတယ်.. အဲဒါနဲ့ နောက်ထပ်မေးခွန်းတစ်ခု ပေါ်လာပါရော.. ဘယ်အချိန်ကို အငယ်ဆုံးလို့သတ်မှတ်မလဲ..???






Saturday, February 14, 2009

ဘာကြောင့် ချောကလက်ကို လက်ဆောင်ပေးကြ …????




အရင်ကတော့ ချောကလက်ဆိုတာကို ဒီလိုပဲ ချစ်သူများနေ့မှာ ပေးလေ့ရှိသောအရာ တစ်ခုလို့ပဲထင်မြင်ဖူးတယ်.. နောက်ကျတော့ ကိုယ်ကလည်း ထူးဆန်းတာတွေဆိုလိုက်လိုက်ဖတ်တတ်တဲ့အကျင့်ရှိတာရယ် ဘယ်အရာမှာမဆို.. ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားဆိုတာရှိနေတော့ အရာရာကိုသိချင်တာနဲ့ပဲ (စပ်စုတယ်လို့ ခေါ်မလားမသိဘူး) ရှာရှာဖွေဖွေဖတ်ရင်း အော် …ဒါကြောင့် ချောကလက်ကို ကျွေးကြတာကိုးလို့… သိလာရတော့တယ်.. တစ်ဆက်တည်း ချောကလက်ဆိုတာ အရင်က ဘယ်လောက်အရေးပါတယ်ဆိုတာပါ ပိုသိလိုက်ရတော့ တစ်ခြားသူတွေများ သိချင်မလားဆိုပြီး….ရေးလိုက်ပြီနော်…




THEOBROMA CACAO TREE
Theobroma Cacao ဆိုတဲ့သစ်ပင်ကနေ ကမ္ဘာမှာ အရသာရှိလှတဲ့ ချောကလက်ဆိုတာကို ရစေတယ်.. လူတိုင်းသိကြတာက Cacao (ကာကာအို) ဆိုတဲ့သစ်ပင်ကနေရတဲ့ cacao အစေ့ကလေးတွေက (တခါတရံ cocoa bean လို့လည်းခေါ်ပါတယ်) ချောကလက်ကိုရစေတယ်လို့ပါ… Theobroma ဆိုတာ ဂရိစကားလုံးဖြစ်ပြီး “ဘုရားသခင်၏ စားစရာ” လို့အဓိပာယ်ရတယ်လို့ဆိုထားတယ်…. ဒီသစ်ပင်တွေရဲ့ ကနဦးအစကတော့ တောင်အမေရိကတိုက်ရဲ့ Amazon Region ကပါတဲ့..
ဘီစီ 1000 လောက်တုန်းကတော့ ဒီ Cacao beans တွေဟာ စားသုံးရာမှာအသုံးပြုခဲ့ကြတယ်… နောက်ပိုင်း ဘီစီ 1000 ကျော်တော့ Mayan နဲ့ Aztec ဆိုတဲ့ Mexico မှာရှိတဲ့ အမေရိကန်လူမျိုးစုတွေဟာ cacao ကို သောက်စရာ အဖြစ်သုံးဆောင်ခဲ့ကြတယ်…. Mayan လူမျိုးတွေရဲ့ ဘုရားဝတ်ပြုပွဲနဲ့ မင်္ဂလာဆောင်ပွဲတွေမှာ cacao ကိုသောက်သုံး ခြင်းဟာ အထူးအရေးကြီးတဲ့ ကိစ္စတစ်ရပ်အဖြစ်ယုံကြည်ခဲ့ကြတယ်…. cacao ဟာ ကျန်းမာရေး ကောင်းမွန် စေတယ်လို့လည်း ယုံကြည်ကြတယ်… ပီရူးမှာဆိုရင် ချောကလက်နဲ့ ငရုတ်သီးကိုရောပြီး စားတာပဲဖြစ်ဖြစ် သောက်တာပဲဖြစ်ဖြစ် အစာအိမ်အတွက်ကောင်းတယ်လို့ ပြောစမှတ်ပြုခဲ့တယ်တဲ့ (ဘယ်တုန်းကမှ ငရုတ်သီးနဲ့ ချောကလက်ရောသောက်ရတာမကြားဖူးရာကနေ ဖတ်ရင်းပိုစိတ်ဝင်စားလာရော) … Aztecs ဆိုတဲ့ လူမျိုးစုတွေကတော့ (diarrhea) အစာအိမ်လမ်းကြောင်းလို နာမကျန်းဖြစ်မှုတွေမှာ ကုသနိုင်တယ်လို့ တွေးခဲ့ကြပြီး သူ့မှာ ချစ်စိတ်ဖြစ်ပေါ်စေနိုင်တဲ့အစွမ်းရှိတယ်လို့ပါ ယုံကြည်ကြတယ်… (စာအုပ်ထဲမှာတော့ Sexual desire ကိုဖြစ်စေတယ်လို့ ရေးထားတာပေါ့နော်…ဒါပေမဲ့လည်း ယဉ်ကျေးစွာတွေးရင်တော့ မိမိကိုယ်သူက ပိုမိုချစ်လာစေတယ်ပေါ့… ဒါကြောင့်မို့ ချစ်သူများနေ့မှာ ကျွေးတာကို… ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်ချစ် လာနိုင်အောင်.. ချစ်ပြီးသားလူက ပိုထပ်ချစ်အောင် ကျွေးတာနေမှာပေါ့…) သူတို့ရဲ့ အကြီးအကဲတစ်ယောက်က ဆိုရင် တစ်နေ့ကို ချောကလက်နဲ့ ငရုတ်သီး ရောထားတဲ့အရည်ကို အခွက် ငါးဆယ် သောက်ခိုင်းလေရဲ့… ကျန်းမာရေးကောင်းအောင်လို့တဲ့လေ
ဘီစီ ၁၅၀၀ အစောပိုင်းတုန်းက Christopher Columbus ဟာ စတုတ္ထအကြိမ်မြောက် Atlantic ကို ဖြတ်ခဲ့ပြီး အမေရိကန်အလယ်ပိုင်းက Honduras ရဲ့ကမ်းရိုးတန်းကိုရောက်ခဲ့တဲ့ အချိန်မှ သူဟာ cocoa beans ရဲ့ တန်ဖိုး ရှိပုံကို ပထမဆုံးတွေ့ခဲ့ရတာတဲ့...… ဘာလို့လဲဆိုတော့ အမေရိကန်အလယ်ပိုင်းရဲ့နေရာတော်တော်များများမှာ cocoa beans ကို ငွေကြေးတစ်ခုအနေနဲ့ သုံးစွဲနေလို့ပဲ… (ချောကလက်မဖြစ်ခင်တောင် တော်တော်အရေးပါတယ် နော်)




ရာစု ၆၀ ခုနှစ်လောက်ရောက်တော့ ချောကလက်ကို စပိန်ကိုတွေ့ရှိခဲ့တဲ့ Hernando Cortez ဆိုတဲ့လူက စပိန်ကို သယ်ဆောင်လာခဲ့တယ်…. စပိန်လူမျိုးတွေက အရသာရှိအောင် သကြားတို့ ဗနီလာအစရှိတဲ့ အရာတွေကိုရောပြီး ချိုအောင်ပြုလုပ်ခဲ့ကြတယ်.. နောက်ကျတော့ ချောကလက်ဟာ ပြင်သစ်ဘက်ကို ချောကလက်ချစ်တဲ့ စပိန်မင်းသမီး Anna နဲ့ Louis XIII တို့လက်ထပ်ပြီး ၁၇ ရာစုနောက်ပိုင်းမှာ ပြန့်နှံ့ခဲ့တယ်တဲ့…. ချောကလက်ရဲ့ ကျော်ဇောမှုဟာ ဒီမှာတင်ရပ်မသွားပါဘူး…နောက်ပိုင်း Europe နဲ့ America ဘက်တွေကိုပါရောက်သွားတာပေါ့….. အဲဒီအချိန် အာရှဘက်မှာ ချောကလက်ကိုမွေးစားနိုင်တဲ့ တစ်ခုတည်းသောနိုင်ငံကတော့ ဖိလစ်ပိုင်လေ.. သူက ၁၆ ရာစုလောက်က invaded စပိန်လက်အောက်ကို ရောက်ရှိခဲ့လို့မွေးစားနိုင်တာတဲ့….




ရွှေမင်းသား ချောကလက်က ကျော်ဇောလာတော့ cocoa အပင်ကိုစိုက်ချင်တဲ့လူတွေကလည်း ခပ်များများပေါ့…. အာဖရိကက အခိုင်းအစေတွေကို အမေရိကက ၀ယ်ယူခဲ့တဲ့ အဲဒီအချိန်က အကြောင်းရင်းကလည်း cocoa အပင်တွေ စိုက်ဖို့တဲ့လေ… နောက်ဆုံးတော့ cacao သစ်ပင်တွေဟာ အာဖရိကမှာ စိုက်ဖို့အတွက် မျိုးယူသွားခြင်း ခံရတော့တာပေါ့…. ဒီနေ့ခေတ်မှာတော့ အာဖရိကမှာ cacao စိုက်ပျိုးရေးဟာ တစ်ကမ္ဘာလုံးရဲ့ ၇၀ ရာခိုင်းနှုန်းနီးပါး ရှိတယ်ဆိုပဲ….
ကဲ… စဉ်းစားကြည့်ပါဦး.. ဘယ်သူကများ ချောကလက်တစ်ခုက ဒီလောက်သမိုင်းကြောင်းရှည်တာဆိုတာ တွေးမိ ကြရဲ့လား…. ခင်မြတ်တော့ တစ်ခါမှ မတွေးမိဘူး… ဒီလိုပဲ ချောကလက်တွေ့ရင် စားလိုက်တာဆိုတော့ … ဒါက ချောကလက် သမိုင်းကြောင်းပေါ့နော်.. အခုစားနေကြတဲ့ ချောကလက်တစ်ခုမှာ လူတွေသိတဲ့ chemical အခု သုံးရာကျော်ပါတယ်တဲ့….အဲဒီဓာတ်တွေထဲမှာ… လူတော်တော်များများသိတဲ့ ဦးဏှောက်ကို လှုံ့ဆော်ပေးတဲ့ ကော်ဖီမှာလဲပါဝင်သော ကာဖိန်းဓာတ် (caffeine) လည်း ပါတယ်တဲ့… ဘယ်လိုပဲဖြစ်ဖြစ် ချောကလက် စားသုံးတဲ့လူဟာ ကမ္ဘာမှာ တစ်နှစ်ကို တန်ချိန်ပေါင်း ၆ မီလီယန် ရှိတယ်တဲ့. အဲဒီ တန်ချိန် ၆ မီလီယန်ဟာ ချောကလက် ကီလိုဂရမ် ၆ ဘီလီယန်နီးနီးပဲလို့ပြောထားတယ်… (ဘယ်တုန်းကကောက်ထားတာလဲတော့မသိ) ချောကလက် စားခြင်းဟာ လူကိုစိတ်ကျေနပ်စေတယ်… ကောင်းမွန်တဲ့စိတ်ခံစားမှုတွေရစေတယ်…. တစ်ချို့ အစားအသောက်တွေကို လေ့လာတွေ့ရှိချက်အရ… စိတ်ဖိစီးမှုကိုလျော့ကျစေတာကိုတွေ့ရတယ်တဲ့… ဥပမာ.. ချောကလက်၊ ရေခဲမုန့်… မိန်းကလေးတော်တော်များများဟာ …. စိတ်တိုလာရင် စိတ်ဖိစီးမှုများလာရင်… အစားများများ စားလေ့ရှိတယ်လို့လည်း စစ်တမ်းတွေကပြောထားတယ်… (ဟုတ်နိုင်တယ်… တစ်ခါတစ်လေစိတ်ညစ်လာရင်.. မုန့်တွေမျိုးစုံအောင် စားတော့တာပဲ….)




ကဲ … ချစ်သူများနေ့မှာ ဘာကြောင့် ချောကလက်ကျွေးတာလဲသိပြီပေါ့နော်… ကိုယ့်ချစ်သူကိုယ့်ကို ပိုချစ်လာအောင်…. ကျွေးတာဆိုတာ အခုမှသိတော့တယ်… ချစ်သူများနေ့အကြောင်းပြောရင်းနဲ့ ဗဟုသုတအဖြစ်.. ဂျပန်မှာဆို ချစ်သူများနေ့ကို နှစ်ရက်လုပ်လေ့ရှိတယ်လို့ ကြားခဲ့ဖူးတယ်… ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မိန်းကလေးက ယောက်ျားလေးအား လက်ဆောင်ပေးလေ့ရှိပြီး… မတ်လ ၁၄ ရက်နေ့မှ ယောက်ျားလေးမှ မိန်းကလေးကို လက်ဆောင်ပေးလေ့ရှိတယ်တဲ့….

Wednesday, February 11, 2009

ကိုယ်နဲ့ကိုက်တဲ့အလုပ် ရှာကြစို့လား





အမေရိကားမှာရှိတဲ့ အားလုံးသော အလုပ်သမားတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ သူတို့သဘောမကျတဲ့အလုပ်တွေကို လုပ်နေကြရပါတယ်တဲ့… ဒါကိုသ့င်ကိုတော့ မဖြစ်စေနဲ့နော်…သင့်အတွက် အမှန်ကန်ဆုံးအလုပ်ကို ရှာမယ်ဆိုရင် သတင်းစာထဲက ကြေညာတွေကို အသဲအမဲကြည့်လို့ရှာမနေပါနဲ့တဲ့.. အဲဒီအစား ထိုင်ပြီး ကိုယ့်ကိုယ်ကို ပြန်စဉ်းစားလိုက်ပါဦး..သင်ဟာ ဘယ်လိုလူစားမျိုးပါလဲ???? ဘယ်အရာတွေက သင့်ကိုပျော်ရွှင်စေသလဲ????
စိတ်ပညာရှင် ဂျွန်ဟော်လန်ရဲ့ စကားအတိုင်းဆိုရင် လူမှာ ပုံစံခြောက်မျိုးရှိတယ်တဲ့… လူတိုင်းမှာ ပုံစံတစ်မျိုးထဲလို့ ပြောလို့မရပေမဲ့.. များသောအားဖြင့်တော့ ပုံစံတစ်ခုတည်းရှိတာများတယ်လို့ သူကဆိုတယ်… ပုံစံတစ်မျိုးစီအတွက် သေချာတဲ့အလုပ်တွေရှိနေတယ်တဲ့လေ..
ကဲ သင့်ရဲ့ ပုံစံဘယ်လိုလဲဆိုတာကို စပြီးစဉ်းစားကြည့်ပါဦး.. အဲဒါကသင့်အတွက် မှန်ကန်တဲ့အလုပ်ကို ရွေးချယ်ပေးမှာပေါ့.. .. ကဲ အောက်က အချက်လေးတွေကိုကြည့်ပြီး.. သင်က ဘယ်အချက်နဲ့ သို့မဟုတ် ဘယ်အချက်တွေနဲ့ ကိုက်လဲဆိုတာ ကြည့်ကြည့်ပါဦးလား.. ဖတ်ပြီး… ကိုယ့်ဘာသာဘာလဲဆိုတာ ရှာဖွေကြည့်စို့နော်… ကိုယ့်ဝါသနာနဲ့ ကိုယ့်အလုပ်နဲ့ တစ်ထပ်တည်းကျနေရင် ပျော်စရာပါ……





ကျွန်မကတော့.. ဒီဟာကိုဖတ်အပြီးမှာပဲ…. အလုပ်ဟောင်းကထွက်ပြီး.. သင်တန်းပြေးတက်ခဲ့တယ်… (အဲ… အလုပ်ထွက်ဖို့ပြောတာ တော့မဟုတ်ဘူးနော်)






REALISTIC TYPE - ဒီလိုလူမျိုးကတော့လက်တွေ့ကျပြီး စက်ယန္တယားတွေနဲ့ အလုပ်လုပ်တာကို နှစ်သက်တတ်တယ်.. (ဥပမာ- ပရိုဂမ်မာ၊ အင်ဂျင်နီယာ၊ ခွဲစိတ်ဆရာဝန်)
INVESTIGATIVE TYPE - ဒီတစ်ယောက်ကတော့ လေ့လာချင်တယ်… စူးစမ်းမယ်.. အခြေအနေတွေကို အကဲဖြတ်မယ်.. ပြဿနာတွေဖြေရှင်းချင်တယ်.. (ဥပမာ-မန်နေဂျာ၊ ရှေ့နေ)
ARTISTIC TYPE - ဒါကတော့ရှင်းပါတယ်.. စိတ်ကူးယဉ်တတ်ပြီး သူ(သို့)သူမရဲ့ စိတ်ကူးတွေ ခံစားချက်တွေကို အနုပညာနဲ့ ပုံဖော်ချင်တယ်… (ဥပမာ - ပန်းချီဆရာ၊ မင်းသား၊ အဆိုတော်)
SOCIAL TYPE - သူကတော့ ခင်မင်ဖော်ရွေမယ်… သူများတွေကို ကူညီချင်မယ်…. သင်တန်းတွေပေးချင် တယ်… (ဥပမာ- ဈေးကွက်စီမံဖြန့်ဖြူးရေး၊ ဆရာမ၊ လူမှုရေးအလုပ်များတွေလုပ်ကိုင်လိုသူ)
ENTERPRISING TYPE - သူကတော့ ဖျက်လက်ပြီး သူအများတွေကို ဆွဲဆောင်ချင်တဲ့သူ…. စကားလုံးတွေကို ဦးဆောင် နိုင်တဲ့သူမျိုး… (ဥပမာ - သတင်းကြေငြာသူ)
CONVENTIONAL TYPE - သူကတော့ ဂရုစိုက်တတ်ပြီး အချိန်စာရင်းနဲ့တကွ လိုက်ပါ လုပ်ဆောင်ချင်သူ… သတင်းအချက်အလက်တွေနောက် မျက်ခြေမပြတ်ချင်သူ.… (ဥပမာ- စာရင်းကိုင်၊ အတွင်းရေးမှူး)






ဒါလေးကိုဖတ်ပြီးတော့ သင်ကဘယ်လိုလူလဲဆိုတာ ပြောခဲ့ဦးပေါ့…. ဒါက ဖတ်ဖူးတဲ့စာအုပ်ထဲက ကိုယ်သိရသမျှ Share လိုက်တာပါ.. တစ်ခုခုရသွားတယ်ဆိုရင်ပဲ
အဲဒါဖတ်ပြီးတော့ကိုယ်လည်း စဉ်းစားမိတော့တာပဲ..ကိုယ်က Social type ဆိုတာကို အဲဒီတော့မှ သိပြီး လုပ်နေတာက တလွဲတွေဖြစ်နေတာပဲ… အဲဒီတော့မှ အလျင်အမြန် အလုပ်ပြောင်းလိုက်ရတယ်.. ကိုယ်တို့နိုင်ငံမှာလဲ… တက္ကသိုလ်သာရောက်သွားကြတယ်.. ဘာလို့ ဒီဘာသာကိုရွေးချယ်မှန်းမသိ… မိဘအတင်းလုပ်ခိုင်းလို့ ဆေးကျောင်းတက်နေသူတွေအများသားပဲ… ဘွဲ့သာရခဲ့တယ်. ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်း မကျတာတွေများမယ်ထင်တယ်.. ငယ်ငယ်ကတည်းက စာသင်ပေးတဲ့ ဆရာမများရဲ့ ညွှန်ကြားမှုများနည်းနေသလျော့လား…. ကလေးတွေရဲ့ creative thinking မရှိအောင် အလွတ်ကျက်စနစ်ရဲ့ ဆိုးကျိုးလို့ပြောရမလား… သိပံဘွဲ့ယူပြီး.. လက်တွေ့ခန်းထဲ မ၀င်ရတဲ့ အခြေအနေတွေ…. ပစ္စည်းအစုံအလင်မရှိ ဆင်းရဲတာကိုပဲ အပြစ်တင်ရမလားပါဘဲ…. ဒီနေရာမှာ တစ်ခုတော့ ၀င်ပြောချင်တယ်.. မူလတန်းကလေးနှစ်ယောက်ရဲ့စာကျက်ရင်း ငြင်းခုန်သံကို ကျွန်မကြားလိုက်မိတာပဲ…. ဘာတဲ့.. သင့်ပတ်ဝန်းကျင်တွေတွေ့ရသော သစ်သီး ၅ မျိုးကိုရေးပါ… အဲဒီမှာ စာဆိုနေတယ် ကောင်မလေးတစ်ယောက်က လိမ္မော်သီး၊ ပန်းသီး၊ သရက်သီး… ဆိုနေရင်းက နောက်တစ်ယောက်ကပြောတယ်.. နင်မှားနေပြီ… ပန်းသီးက အရင်လာတာတဲ့.. ကျွန်မကြားလိုက်တော့ အော်.. ၏ သည်မရွေးတော့ ရပါရဲ့.. ဒီလိုစာမျိုးက ကျက်ဆိုရမှာလားလို့.. စဉ်းစားကြည့်ပါဦး… ဆရာမတွေရဲ့ သင်နည်းစနစ်တွေက မပြောင်းလဲ သေးပါလား…. ပြောသာပြောရတယ်. ကိုယ်လည်း ဘာထူးလဲ…၀ါကျဆိုတာ ကိုယ့်ဘာသာရေးလို့ရတယ်ဆိုတာ အလယ်တန်းရောက်မှ သိတာလေ… ငယ်ငယ်က ကျက်ဆိုနေတာကြီးပဲ.. ဒါကြောင့် တွေးခေါ်မှုမှာ တအားအားနည်းတာ….. ဒါကြောင့်လည်း… ကျွန်မ ရူပဗေဒနဲ့ဘွဲ့ရခဲ့ပေမယ့် သိပ်ရှက်မိတယ်.. ကိုယ်မှတကယ်မတတ်ဘဲကိုး.. သိပ်လည်း ၀ါသနာမပါ…. ဘွဲ့တက်ယူရမှာတောင် ရှက်လို့ မတက်ခဲ့ဘူး….





ကိုယ်မသိတာကြီးကို သိယောင်ကားလုပ်ပြီး တတ်မယူချင်ပါဘူး…






ကိုယ်ဖြစ်စေချင်တာကတော့… ကလေးတွေကို သူတို့တကယ်ဝါသနာပါတာကိုပဲ လုပ်စေချင်တယ်.. ဒါပေမဲ့လည်း မိဘစကား မှန်သည်မှားသည်မရှိ လိုက်နာရမည် ဆိုတာကြီးက ကလေးတွေရဲ့ တက်လမ်းကိုပိတ်လိုက်သလိုပါဘဲ… ဘယ်အရာမှ စိတ်မ၀င်စားရင် အလကားပဲလေ.. ဆရာဝန်သာဖြစ်သွားမယ်… သူလုပ်ချင်တာ စာရေးဆရာ… အဲဒီတော့ အချိန်တွေ ငွေတွေကို ၆ နှစ်လောက်ဖြုန်းခဲ့တယ်… ဖြစ်လာတော့လည်း ရိုးရိုးဆရာဝန်… ကိုယ်ဝါသနာပါရာ ဘာသာရပ်ကလည်း ဒီမှာရှိဦးမှ….ပိုက်ဆံရှိသားသမီးများသာ ဘွဲ့တွေကောင်းကောင်း ယူနိုင်ကြရဲ့…. ကဲ မြန်မာပြည်ရဲ့ ပညာရေး ရင်လေးစရာပဲနော်….

Monday, January 5, 2009

ပေါ့ပေါ့လေးဖတ်ပြီး လေးလေးနက်နက် စဉ်းစားစေချင်တဲ့ စကားတချို့

ပေါ့ပေါ့လေးဖတ်ပြီး လေးလေးနက်နက် စဉ်းစားစေချင်တဲ့ စကားတချို့ ရှိပါတယ်။

ကျနော်ကတော့ မဖြစ်စလောက် အကြည့်နဲ့ ကြီးကြီးကျယ်ကျယ် မြင်ကြည့်တယ်။
ဖွဖွလေး သိလာတော့ ခပ်ပြင်းပြင်း သက်မချမိသွားတယ်။
တကယ်တမ်းတော့လည်း နည်းနည်း ရေးပြီး များများတွေးရမယ့် စာတွေပါ။
မလုံတလုံ ရေးထားတဲ့ စာကြောင်းတွေကို စေ့စေ့ငှငှ ယူတတ်ပါစေလို့ …..

1.အရာတချို့ကို ဆုံးရှုံးခဲ့ရတောင် သင်ခန်းစာကို လက်မလွတ်ပါစေနဲ့။
2.လူမှန် နေရာမှန် မရောက်ခင် မတွေ့ချင်၊ မမြင်ချင်၊ မဆက်ဆံချင်တဲ့ လူတွေနဲ့ အနည်းအကျဉ်းတော့ တွေ့ရမှာပါ။ ဒါမှလည်း လူမှန်နေရာမှန် ရောက်တဲ့အချိန်မှာ အင်မတန် ထူးကဲတဲ့ လက်ဆောင်ပါလား ဆိုပြီး တန်ဖိုး ထားတတ်မှာပေါ့။
3.နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနယ်ပယ်ထဲက ခံစားချက်တွေ၊ တောင့်တမှုတွေ၊ ရင်ခုန်မှုတွေ ဖယ်ထုတ်လိုက်မယ် ဆိုရင်တောင် ကိုယ်ချစ်တဲ့ သူ့ကို အမှတ်တရ ရှိနေတုန်း၊ ဂရုစိုက်မိနေတုန်း ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒါ အချစ်ပါ။
4.ပျော်ရွှင်မှု တံခါး ပိတ်သွားခဲ့ရင် နောက်တံခါးတစ်ချပ်တော့ ထပ်ပွင့်လာဦးမှာပါ။ ဒါပေမယ့် အချိန် အတော်တော် များများမှာ ပိတ်သွားတဲ့ တံခါးကို ကျနော်တို့ စေ့စေ့ကြည့် ငေးမောနေကြရင်း နောက်ထပ် တံခါးတွေ ကျနော်တို့အတွက် ပွင့်လာတာကို သတိမထားမိလိုက်ကြဘူး။
5.ကျနော်တို့ဆီမှာ ဘာတွေ ရှိနေသလဲဆိုတာကို အဲဒီပစ္စည်းတွေ ဆုံးရှုံးသွားမှ ကျနော်တို့ သိလိုက်ရတယ်။ အဲဒီလို နောက် အမှန်တရား တစ်ခုက အရာတချို့ဟာ ကျနော်တို့ဆီကို ရောက်လာမှပဲ အရင်က လစ်ဟာခဲ့ပါလား ဆိုတာ သိလိုက်ရတယ်။
6.ဒီစကားတစ်ခွန်းကို ဒီလူတစ်ယောက်ဆီက ပြောတာလေး ကြားချင်ပေမယ့် သူ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဒါပေမယ့် အဲဒီစကားတစ်ခွန်းကိုပဲ တခြားတစ်ယောက်က သူတို့ရဲ့ ရင်ဘတ်ကြီးနဲ့ ပြောလာခဲ့မယ်ဆိုရင် မကြားချင်ယောင် ဆောင်သလို မသိသလို မလုပ်လိုက်ပါနဲ့။
7.အမြင်အာရုံနောက် မလိုက်ပါနဲ့။ ဒါ အချိန်ရဲ့ လှည့်ဖြားမှုပါ။ ဥစ္စာနောက်လည်း မလိုက်လေနဲ့။ ဒါ ကံကြမ္မာရဲ့ လှည့်ဖြားမှုပါ။ သင့်ကို အမြဲ ပြုံးပျော်စေတဲ့ လူကပဲ သင့်ရဲ့ ဘဝကို အမှောင်ခွင်းပြီး အလင်းဆောင်နိုင်မှာပါ။
8.အိပ်မက်ကို ရဲရဲကြီး မက်လိုက်ပါ။ ကိုယ်ဖြစ်ချင်တာ လွတ်လွတ်လပ်လပ် ဖြစ်လိုက်ပါ။ သွားချင်တဲ့နေရာကို မလျှော့တမ်း သွားပါ။ သင်ဟာ ဘဝ တစ်ခုတည်း ပိုင်ဆိုင်မှာနော်။ အရာအားလုံးကို လုပ်ဖို့ အခွင့်အရေးဆိုတာ ကြုံတောင့်ကြုံခဲ တစ်ခါတည်းပါ။
9.သတိမပြုမိတဲ့ စကားလုံးတစ်လုံးဟာ ပြဿနာကို မီးမွှေးနိုင်ပါတယ်။ ရိုင်းစိုင်းတဲ့ စကားလုံးတစ်လုံးဟာ ဘဝကို ပျက်ဆီးစေနိုင်တယ်။ အချက်ကျကျ ပြောတဲ့ စကားလုံးတစ်လုံးဟာ သောကကို မြင့်မားစေနိုင်တယ်။ ချစ်စကားတစ်ခွန်းဟာ အားပြည့်စေနိုင်သလို၊ ဆုတောင်းတိုင်းလည်း ပြည့်သွားသလိုပါ။
10.လောကမှာ အပျော်ရွှင်ဆုံး လူတွေအတွက် အကောင်းဆုံး ဆိုတဲ့ အရာတိုင်းကို မလိုအပ်ပါဘူး။ သူတို့ဟာ အရာအတော်များများကို နေရာတကျ သုံးတတ်ရုံလောက်ပါ။
11.ငိုကြွေးတဲ့ သူတွေ၊ နာကျင်တဲ့သူတွေ၊ ပျော်ရွှင်မှုကို ရှာဖွေခဲ့တဲ့သူတွေ နဲ့ ရဖို့ ကြိုးစားခဲ့တဲ့ သူတွေအတွက် ပျော်ရွှင်မှုဟာ အမြဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရင်ဘတ်ကို ထိသွားစေတဲ့ လူတွေရဲ့ အရေးပါမှုကို တကယ်တန်ဖိုးထားတတ်မှ ပျော်ရွှင်မှုဟာ ကိုယ်ထင်ပြမှာပါ။
12.တောက်ပလာမယ့် အနာဂတ်ဟာ မေ့မေ့ပျောက်ပျောက် ထားနိုင်တဲ့ အတိတ်ပေါ်မှာပဲ အခြေတည် ပေါ်ပေါက်တယ်။ အတိတ်ရဲ့ အမှားအယွင်းတွေ၊ နာကျည်းမှုတွေကို မစွန့်လွှတ်နိုင်သရွေ့ ဘဝဟာ ကောင်းလာစရာ မရှိဘူး။

ကိုပီကေရဲ့စာတွေကို ကြိုက်လို့ ဝေမျှပါတယ်။