Tuesday, June 26, 2012

ကျွန်မကိုယ် ကျွန်မ အထင်ကြီးတယ်

အော် .. ဒီနေ့လဲ ငါသွားရဦးမှာလား.. အိမ်က ဆန်ထည့်တဲ့ ဘူးထဲကြည့်လိုက်တော့လဲ ခေါက်ချရင်တောင် ဆန်တစ်စေ့ ထွက်မကျလာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတာလဲ အသားကျလှပေါ့.. မလုပ်ချင်သော်လဲ အစားတစ်လုပ်အတွက် ဘဝခါးခါးထဲ အပြောခံရလွန်းလို့ ရင်တောင် မနာနိုင်ရှာတော့ပါဘူး.. ကဲ သွားချေဦးမှ.. ကလေးတွေ အတွက် င့ါဘဝအတွက် လုပ်ချင်လဲလုပ် မလုပ်ချင်လုပ်ပါဘဲ...

ညနေ (၆) နာရီထိုးပြီဖြစ်သဖြင့် လက်ကျန် ဆန်လေးနဲ့ အိမ်မှာ ကျန်ခဲ့မဲ့ ကလေးတွေအတွက် ညစာထမင်းဟင်းချက်ရင်း နောက်တစ်နေ့ ဝမ်းစာအတွက် အလုပ်ဆင်းရန် ကျွန်မ ဗျာများနေရပါသည်။ အစစအရာရာ အကြီးမကို မှာရ .. အလှပြင်ရနဲ့ ဒီလိုနဲ့ ဒီအချိန်ရောက်တိုင်း ဗျာများရတဲ့ ကျွန်မ... ကျွန်မ အလုပ်အကိုင်ကတော့ ဘယ်သူကမှ အထင်ကြီးလေးစားစရာမရှိလဲ ကျွန်မကိုယ်ကျွန်မ အထင်ကြီးပါတယ်.. လူတကာရှေ့မှာ အစားတစ်လုပ်အတွက် ကပြရတဲ့ ကျွန်မ .. လူတကာပေါ့ အထူးသဖြင့် ယောက်ျားတွေရှေ့မှာလေ.. ကျွန်မအသက်မကြီးမငယ်နဲ့ အလှပြင်လို့ ဆတ်ကော့ လန်ကော့ လုပ်ပြပြီး ငွေရှာရပါတယ်.. ဒီလိုမှ မလုပ်ရင်လဲ ပညာမတတ်ခဲ့တဲ့ ကျွန်မ မုဆိုးမ ဖတဆိုးကလေးတွေအတွက် ဘာဆိုဘာမှ မလုပ်ပေးနိုင်ဘူးပေါ့.. ယောက်ျားများ အရက်သောက်နေကြတဲ့ ရီဝေဝေ မျက်လုံးတွေရှေ့မှာ ကျွန်မ မျက်ရည်မကျအောင်ထိန်းရင်း ဝမ်းစာရှာခဲ့တာ အခုဆို နေသားကြခဲ့ပြီလေ.. ဘယ်သူမှ ကျွန်မကို အထင်မကြီးပေမဲ့ .. ကျွန်မ ကလေးတွေကို ပညာသင်ပေးနိုင်လို့ ကျွန်မကိုယ် ကျွန်မ အထင်ကြီးပါတယ်.. အော် စဉ်းစားနေတာနဲ့ နောက်ကျတော့မှာပဲ.. ဆိုပြီး ကဗျာကယာ ကျွန်မစက်ဘီးလေးကို တွန်းလို့ တရုတ်တန်း လူစည်ကားရာသို့ ...

ဒီနေ့ သောကြာနေ့မို့ လူတော်တော်စည်တာပဲ.. လခထုတ်ရက်လဲ ဖြစ်တော့ လူတွေပိုလာနိုင်တာ ဖြစ်လောက်တယ်.. အင်း င့ါကိုဆုချမဲ့သူများရင် ကောင်းမှာပဲလေ.. သမီးအကြီးအတွက် စာအုပ်ဖိုးပေးရမှာလေး ပေးနိုင်ရင် ကောင်းမှာပဲ.. ပိုပိုလိုလိုလေး ရရင် ကုန်နေတဲ့ မိတ်ကပ်လေးလဲ ဝယ်ဦးမှ .. အသားရည်တွန့်နေတဲ့ မျက်နှာကို မိတ်ကပ်ခြယ်လို့ အသုံးတော်ခံရတဲ့ ကျွန်မဘဝအတွက် အလှပြင်ပစ္စည်းက မရှိမဖြစ်ပါဘဲ.. ကျွန်မအတွေးနဲ့ ကျွန်မ လျှောက်လာရင်း အလုပ်စလိုက်ပါတော့တယ်.... လေထဲမှာ ခပ်မြူးမြူး လွင့်လာတဲ့ သီချင်းသံနဲ့အတူ ကျွန်မရဲ့ မလှမပ ခန္ဓကိုယ်ကို စတင် လှုပ်ခါလိုက်ပါတယ်.. ဘီယာတစ်ခွက် ၅၀၀ နဲ့ ဘယ်နှစ်ခွက်မှန်းမသိ သောက်သုံးေုနကြတဲ့ လူတန်းစားတစ်ချို့ အတွက် သီချင်းတစ်ပုဒ်ကို ၅၀၀ ပေးရတာ များနေမလားဘဲ.. လူတစ်ချို့ရဲ့ လှောင်ရယ်သံ၊ လှောင်ပြုံးတွေကို မြင်တိုင်း ကျွန်မ နောက်က မှီခိုနေတဲ့ ကလေးတွေရဲ့ မျက်နှာကိုမြင်ယောက်ကြည့်ရင်း ကျွန်မ အားတင်းနေခဲ့တာ အခုဆို နှစ်တော်တော်ကြာပြီပဲ... တစ်ခါတစ်လေ လက်ဗလာနဲ့ အိမ်ပြန်ရတဲ့ ရက်တွေအတွက်လဲ ကျွန်မ စိတ်ဓာတ်မကျခဲ့ဘူး..

လူတွေရဲ့မျက်စိရှေ့မှာ ထင်ရတဲ့ ပေါ့ပျက်ပျက် မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ တန်ဖိုးရှိတဲ့ မိသားစုလေးရှိတာကို သူတို့ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူးလေ.. ကျွန်မကတော့ သူများတကာဆီက လိမ်ညာတောင်းစားတာ မဟုတ်လို့ ကျွန်မအလုပ်ကို ဂုဏ်ယူပါတယ်...အဲလိုတွေးနေရင်း နောက်နားဆီက အသံတစ်သံ

"ဟို အမကြီး ဒီဘက်ဝိုင်းကို သီချင်းလေးပုဒ်ကပြစမ်းပါ.. ခင်ဗျားကို ငါးထောင်ဆုချမယ်.."

အိုး င့ါ သမီးကြီးအတွက် စာအုပ်ဖိုးရပြီ.. ဆိုတဲ့ အတွေးနဲ့အတူ .. ကျွန်မ နောက်ထပ် တေးသွားတစ်ပုဒ် ဖွင့်လိုက်ကာ မြူးမြူးကြွကြွ စကနေပါပြီ.. ကျွန်မ အာရုံထဲမှာတော့ စာအုပ်ဖိုးရလို့ပြုံးပျော်နေမဲ့ သမီးမျက်နှာ နဲ့ တစ်ခါမှ ပြည့်အောင်မထည့်ဘူးသော ဆန်ထည့်သော ဘူးကလေး..

(ဒီဇာတ်လမ်းလေးကို ခင်မြတ် တရုတ်တန်းသွားရင်း တွေ့ခဲ့တဲ့ မိန်းမကြီးအကြောင်း ရေးထားတာပါ.. သူ့ကိုမြင်ပြီး သူ့နောက်ကွယ်က ရှိမဲ့ မိသားစုကို စာနာကြည့်တာပါ.. )

1 comment:

zmozmo said...

အရေးကောင်း... ဇာတ်အိမ်ခိုင်...