ကျွန်မဘဝရဲ့တော်တော်များများ
တနင်္ဂနွေတိုင်းဟာ ကျွန်မအရမ်းကို ဝါသနာပါတဲ့ လူမှုရေး လုပ်ငန်းတွေကိုလုပ်ပြီး
ကုန်ဆုံးလေ့ရှိပါ တယ်။ အဲလိုမှမဟုတ်ရင်တော့ ကျွန်မချစ်ခင် သူများကို
အချိန်ပေးတွေ့နိုင်အောင် ကြိုးစားတယ်။ ဒီတနင်္ဂနွေများစွာထဲက ကျွန်မ အတွက်
အမှတ်တရဖြစ်စေမဲ့ တနင်္ဂနွေအချို့ ကို ကျွန်မ ပြောပြချင်ပါတယ်။
ဒီတနင်္ဂနွေမှာတော့
ကျွန်မတို့ မြရိပ်ညိုဖောင်ဒေးရှင်းနဲ့ ကျွန်မသူငယ်ချင်းတွေရဲ့အဖွဲ့လေးဖြစ်တဲ့
Myanmar ICT for Development အဖွဲ့တို့ ပူးပေါင်းပြီး ကော့မှူးမြို့က
ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စာသွားသင်ကြပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့
သူငယ်ချင်းပဲဆိုဆို အစ်မပဲပြောပြော ခင်မင်ရတဲ့ အစ်မနဲ့ ကျွန်မတို့
နှစ်ယောက်သွားသင်ကြပါတယ်။
ကျွန်မတို့
ဒီသင်တန်းကို သင်ဖို့ အခက်အခဲတွေ တော်တော်ကြုံရတယ်လို့ ပြောရင်မမှားပါဘူး။
သင်တန်းစဖွင့်တဲ့နေ့က ပွဲတစ်ပွဲနဲ့ တိုက်ဆိုင်နေတာရယ် မီးမလာတာရယ်ကြောင့် ကျွန်မတို့
ရွာလှည့် မီးစက်ရှာဖွေပြီး နောက်ဆုံး ဘုန်းကြီးကျောင်းက မီးစက်ကိုပဲ ပြန်ပြင်မယ်
ဆီထည့်ပြီး သင်ကြမယ်ဆိုပြီး ဆုံးဖြတ်ပြီး ပြန်လာခဲ့ကြတယ်။ ကျွန်မတို့ နှစ်ယောက်ကလဲ
ဒီသင်တန်းကို ဖွင့်ဖို့ စိတ်အားထက်သန်တာကြောင့် ရနိုင်သမျှ နည်းလမ်းတွေကို
ကြိုးစားခဲ့ရတာပေါ့။ နောက်ဆုံးတော့ မီးစက်အဆင်ပြေမည့်အချိန်မှ
ပြန်လာပြီးတစ်ပတ်တိတိ သင်ကြားမယ်ဆိုပြီး ပြန်လာခဲ့ကြပါတယ်။
ဒီလိုနဲ့မီးစက်အဆင်ပြေတဲ့နေ့မှာ
ကျွန်မတို့ရဲ့ သင်တန်းလေးကို စတင်သင်ကြားနိုင်ပါတော့တယ်။ သင်တန်းသား (၁၄)
ယောက်အတွက် ကွန်ပျူတာ (၅)လုံးပဲ ရှိတာကြောင့် ကျွန်မတို့ သယ်လာတဲ့ လယ်တောလေးတွေနဲ့
သင်တန်းသား (၇)ယောက်ကို နှစ်ကြိမ်စီ ခွဲသင်ရန် ဆုံးဖြတ်လိုက်ပါတယ်။
ရောက်ရောက်ခြင်းနေ့ မနက်မှာ အလွန်ပူတယ်ရယ်ကြောင့် ဒုတိယအချိန်ရဲ့ ပထမအစကို
ထူးထူးခြားခြား ဖြစ်အောင် သရက်ပင်ကြီးရဲ့အောက်က ကွပ်ပျစ်လေးမှာ ICT အကြောင်း
မိတ်ဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ ညနေဘက်မှာ မိုးရွာတော့လဲ မထိုက်တစ်ယောက် မိုးသံကို
အုပ်မိအောင်မနည်းကို ကြိုးစားသင်ယူရတယ်။ ကျွန်မကတော့ ပထမတစ်ရက် နှစ်ရက်မှာ
သိပ်လုပ်စရာ မရှိပါဘူး။ မထိုက်ရဲ့ သင်ပုံကိုကြည့်ပြီး သဘောကျမိပါသေးတယ်။
အိုင်စီတီကို စိမ်းနေတဲ့လူတွေအတွက် လိုအပ်မယ်ထင်တဲ့ဟာတွေ ကို လွယ်ကူရိုးရှင်းတဲ့
ဥပမာလေးတွေနဲ့ သင်သွားနိုင်ပါတယ်။
ကွန်ပျူတာနဲ့
အလှမ်းဝေးလွန်းတဲ့ သူတို့လေးတွေ မှတ်မိအောင် ဥာဏ်နီဥာဏ်နက်ထုတ် ဥပမာလေးတွေ ပေးပြီး သင်ရပါတယ်။ ဥပမာ-
ဖိုင်တစ်ခုကို သိမ်းမယ်ဆိုရင် ပစ္စည်းတစ်ခုကို ဗီဒိုထဲ ထည့်သိမ်းရင် ဗီဒိုကို
ဖွင့်ပြီးမှ သိမ်းလို့ရမှာမလား။ ဒါကြောင့် ဒီဖိုင်လေးကို ဖွင့်ပြီးမှ
ကိုယ်သိမ်းချင်တဲ့ဟာကို ထည့်လို့ရမယ် စသဖြင့်ပေါ့။ ကျွန်မအတွက်တော့ အတွေ့အကြုံခပ်ကောင်းကောင်းပါဘဲ။
ကျွန်မအတွက် ဆရာမဖြစ်ရတာ မလွယ်ပါလားဆိုပြီး အမေ့ကို တောင် သတိရမိပါရဲ့။
သင်တန်းလုပ်တော့လဲ
အခက်အခဲတစ်ချို့ကိုတွေ့ရပါတယ်။ မီးစက်က မိုးအရမ်းရွာရင်ပျက်လိုက်၊
မီးစက်ပျက်တဲ့အချိန် အလဟသမဖြစ်အောင် ကျွန်မတို့ ရဲ့ တပည့်လေးတွေနဲ့ ရင်းနှီးအောင်
Team building အဖြစ် တွံတေးကို ဘုရားဖူးထွက်ဖြစ်ကြတယ်။ သူတို့လေးတွေရဲ့
ကြိုးစားချင်မှုတွေကို မြင်တွေ့ရတဲ့အခါ ဝမ်းသာရပါတယ်။ ညနေ မီးလာရင် အပြေးအလွှား
လာကျင့်သူနဲ့၊ ထမင်းမစားဘူး ကွန်ပျူတာကျင့်မယ်ပဲပြောလို့ တစ်ခါတစ်လေ ကျွန်မတို့မှာ
ဆရာမတို့ ထမင်းသွားစား၊ ရေချိုးပါရစေဟု တောင် ပြောယူရပါတယ်။ ကျွန်မအတွေးတောင်
ဝင်မိပါတယ်။ မြို့ကလူတွေက အခွင့်အရေးတွေ လွယ်ကူစွာရနေလို့လား မသိပါဘူး။
သင်တန်းပြေးချင်တယ်။ သင်တန်းပြီးရင် ပြန်ဖို့စိတ်ပဲရှိပေမဲ့ ဒီကလေးတွေ ခမျာမှာတော့
မလိုက်နိုင်တာကလွဲလို့ အချိန်ရှိသမျှ ကြိုးစားပြီး သင်ယူနေတာကိုတွေ့ရပါတယ်။
အဲလိုလေးတွေမြင်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပီတိက ဘာနဲ့မှ လဲနိုင်မယ်မထင်ပါဘူး။
ကျွန်မတို့သင်တန်းလုပ်နေစဉ်အတွင်း
ထူးခြားဖြစ်စဉ်များကိုလဲ ခံစားရပါသေးတယ်။ သင်တန်း
(၅) ရက်လောက်ဖြစ်လာတော့ ကျွန်မတို့ သူတို့လေးတွေနဲ့ တော်တော်ကို ရင်းနှီးလာပါတယ်။
မပြန်ချင်လောက်အောင်ပါဘဲ။ ပြန်ခါနီးရက်ကဆို ည (၉) နာရီလောက်ထိကို
ကွန်ပျူတာလာကျင့်နေကြတုန်းပဲ။ ပြန်ခါနီး တပည့်တစ်ယောက် ခရုဟင်းလာပို့၊ တပည့်တွေက
ဆရာမတွေနဲ့ လာစကားပြောနဲ့ မှတ်မှတ်ရရညလေးကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မတို့ဆီက
တစ်လသင်တန်းအထိ ယူချင်တယ်လို့ ပြောလာတော့ စဉ်းစားစရာတွေရှိလာပြန်တယ်။ အော် ပညာကို
ပြန်ဝေမျှတာတောင် အခြေခံလိုအပ်ချက်တွေ မပြည့်စုံရှာတော့ ကျွန်မတို့အတွက်
အခက်အခဲဖြစ်ရပါတယ်။ တစ်လလုံးသင်တန်းလုပ်ဖို့ ဆီဖိုးကျတော့လဲ မလွယ်လောက်ဘူးလေ။
အဲတော့ တပည့်လေးတွေကို ပြန်ပြောလိုက်ရပြန်တယ်။ မီးလာရင်တော့ ဆရာမတို့
ပြန်လာခဲ့မှာပါလို့လေ။
No comments:
Post a Comment