ဘဝရဲ့ ချဉ် ငန်
စပ် -၂
ဘဝရဲ့
ချဉ်ငန်စပ် (၂) အဖြစ် အခက်အခဲတွေကြားက သွားလှူခဲ့ရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်း
ခရီးကိုရေးချင်ပါတယ်။ ဒီခရီးစဉ် ကို ကျွန်မနဲ့သိတဲ့ အစ်ကို တစ်ယောက် က စ စီစဉ်ပြီး
ကျွန်မကို အလှူငွေကူခံပေးဖို့ အကူအညီတောင်းခဲ့ရာက စခဲ့တယ်ဆိုရမှာပေါ့။ အလှူငွေ
ရှာယုံသက်သက်မဟုတ်ဘဲ သူတို့ ဘယ်လိုခံစားနေရသလဲဆိုတာကို သိချင်တာရယ်ကြောင့်
လိုက်ခွင့်တောင်းခဲ့တယ်။ အဲအစ်ကိုကလဲ လိုက်လို့ ရနိုင်တယ်ဆိုတာနဲ့ ဒုက္ခရောက်နေရှာတဲ့
ကျွန်မတို့ရဲ့ တိုင်းရင်းသား မောင်နှမတွေဆီကို ဘယ်သူတားတား သွားဖို့
ဆုံးဖြတ်ခဲ့တယ်။
ခရီးစဉ်ကို
စတင်စီစဉ်တာကတော့ ဇန်နဝါရီလောက်မှာပါ။ အလှူငွေတော်တော်များများ စုမိရင် ကျွန်မတို့
သွားဖို့ စီစဉ်မယ်လို့ ဆုံးဖြတ် ထားခဲ့ကြတယ်။ ဒီလိုနဲ့ကျွန်မသူဌေးကို
ခွင့်တောင်းပြီး အလှူခံကြည့်တယ်။ သူဌေးက အလှူငွေ ဆယ်သိန်းထည့်ပေးတယ်။
သတိထားသွားဖို့လဲ ကျွန်မတို့ကို မှာလိုက်တယ်။ ဒီလိုနဲ့ ဆယ်သိန်းကျော်လောက်
ရလာတဲ့အချိန်မှာ ကျွန်မတို့ ဖေဖော်ဝါရီလထဲကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ပထမတုန်းကတော့ ကိုဒေးဗစ်နဲ့ကျွန်မနဲ့ မသီဆိုတဲ့အမပဲ သွားကြမလို့ပါဘဲ။ နောက်
ကျွန်မသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ မထိုက်နဲ့ နန်းညီတို့လဲ လိုက်ပါချင်တာကြောင့်
ကျွန်မတို့ ငါးယောက် တူတူသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နန်းညီက အလှူငွေ ဆယ်သိန်း
ထပ်ရှာပေးလို့ ပိုအဆင်ပြေသွားကြတယ်။ ငါးယောက်မှာ ယောက်ျားလေး တစ်ယောက်ထဲ
ပါတယ်ရယ်ကြောင့် အားကိုးတကြီး အစ်ကိုတွေဖြစ်တဲ့ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊
ထူးတေဇာ တို့ကို လိုက်ဖို့ ခေါ်ပါသေးတယ်။ သူတို့လဲမအားလပ်တာရယ်ကြောင့် နောက်ဆုံးတော့ ကျွန်မ၊ မသီ၊ ကိုဒေးဗစ်၊
မထိုက်နဲ့ နန်းညီတို့ချည်းပဲ သွားဖြစ်ခဲ့ပါတော့တယ်။
သွားကြတော့မယ်ဆိုတော့
ကျွန်မတို့ ဘာတွေလှူကြမလဲ။ အလှူငွေကိုဘာတွေ ဝယ်ကြမလဲ။ ဟိုရောက်မှ ဝယ်မလား။
အခုဝယ်ကြ မလား။ သူတို့အတွက် အဓိက ဘာတွေလိုနေလဲဆိုတာရယ် စုံစမ်းပြီးတော့ ရန်ကုန်ကနေ
ခြင်ထောင် အလုံး ၁၀၀ ဝယ်သွားပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကျန်တဲ့ပိုက်ဆံတွေနဲ့
သူတို့လိုအပ်နေတဲ့ အမျိုးသမီးသုံးပစ္စည်း၊ ခေါက်ဆွဲခြောက်စတာ တွေကို မူဆယ်ကျမှပဲ
ဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြီးတော့ ကျွန်မတို့ တစ်ကိုယ်ရည် ဘာတွေလိုအပ်မလဲ။
ဘာတွေသယ်သွားရမလဲဆိုတာကို တိုင်ပင်ကြတယ်။ ကျွန်မတို့ခရီးစဉ်ကို မစခင် အချိန်ထဲကပဲ
ကျွန်မတို့အားလုံး တက်ကြွနေကြပြီး စိတ်လှုပ်ရှားနေမိကြပါတယ်။ ခရီးစဉ်ကို အနည်းဆုံး
တစ်ပတ်၊ ဆယ်ရက် သတ်မှတ်လိုက်ကြတယ်။ မူဆယ်မှာနေမယ်ဆိုတော့ သူငယ်ချင်းတွေကနေတစ်ဆင့်
မူဆယ်က ဘုန်းကြီးကျောင်းမှာ နေဖို့ အကူအညီတောင်းရ၊ မူဆယ်မှာနေတဲ့ ကျွန်မသူငယ်ချင်း
ဂျဲနီကိုလဲ လှမ်းဆက်သွယ်ရနဲ့ ကျွန်မတို့ တော်တော်ကို အလုပ်များခဲ့ကြပါတယ်။
ကျွန်မရဲ့ ငယ်သူငယ်ချင်းဖြစ်သူလဲ မူဆယ်မှာ အိမ်ထောင်ကျနေတာကြောင့် သူ့ကိုယ်လဲ
အဆင်ပြေရင် တွေ့နိုင်တာမို့ ကျွန်မကတော့ သူများထက် ပိုစိတ်လှုပ်ရှားနေမိတာတော့
အမှန်ပါဘဲ။
မသွားခင်အထိ
ကျွန်မတို့မှာ ဘယ်ကနေ ဘယ်လိုသွားမလဲဆိုတာလဲ မသိတာရယ် ဟိုဘက်နဲ့ အဆက်အသွယ်လုပ်ရတာလဲ
ခက်တာရယ်ကြောင့် ကချင်ဒုက္ခသည်စခန်းကို မူဆယ်ကနေသွားရမယ် ဆိုတာရယ် မူဆယ်ကို ဟိုဘက်က
တာဝန်ရှိသူတွေ လာကြိုမယ်ဆိုတာရယ်လောက်ပဲ သိခဲ့ရတယ်။ ဒီနေရာမှာ သေချာမစီစဉ်ဘူးဆိုပြီး
ပြောကောင်းပြောနိုင်ပါတယ်။ သိတဲ့အတိုင်း တရုတ်ပြည်ဖုန်းကို အင်တာနက်ကနေ
ခေါ်ရတာဆိုတော့ မကြည်တစ်ချက် ကြည်တစ်ချက် ကြောင့်လဲ ပါတာပေါ့။ ကျွန်မကတော့
ကိုဒေးဗစ်ကို ယုံကြည်ပြီး လိုက်ခဲ့သလို ကျွန်မကို ယုံကြည်ပြီး လိုက်ခဲ့တဲ့
နန်းညီနဲ့ မထိုက်ကိုလဲ ကျေးဇူးတင်ရပါမယ်။
မူဆယ်
ခရီးစဉ်ကို ဖေဖော်ဝါရီ ရဲ့ စနေမနက်ခင်းမှာ စတင်ခဲ့ပါတယ် … ကျွန်မတို့သူငယ်ချင်း
ငါးယောက်လုံး စိတ်လှုပ်ရှားမှု ကိုယ်စီနဲ့ပေါ့… မူဆယ်ကို ရန်ကုန်ကနေ မန်းလေး၊
မန်းလေးမှ မူဆယ်ကို ကားပြောင်းစီး ရပါတယ် … ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ ကျွန်မက
နည်းနည်း ဒူပေ ဒါပေ ခံနိုင်တယ်လို့ပဲပြောမလား မသိဘူး… ကားစီးရင် မမူးတတ်တာကိုပဲ
ကျေးဇူးတင်ရမယ်။ ဒါပေမဲ့လဲ ညစာစားပြီးမှ မူဆယ်ရဲ့ တောင်တက်လမ်းတွေကို ကားနဲ့တက်
ရတာမို့ နည်းနည်းစိုးရိမ်ပြီး အစားတောင် သိပ်မစားရဲခဲ့ပါဘူး။ မနက်စောစော
မူဆယ်မြို့ကိုဝင်တော့ ကျွန်မတို့တည်းမဲ့ တည်းခိုခန်းကို ရောက်တာနဲ့ ကားကို နာရီ
(၂၀) လောက် စီးလာတဲ့ ကျွန်မတို့တစ်တွေ ရေမိုးချိုး ခဏ အနားယူကြပါတယ်။ ပြီးတော့
ကျွန်မရဲ့ မူဆယ်မှာရှိတဲ့ သူငယ်ချင်းကို ဆက်သွယ်ပါတယ်။ တစ်ခါမှ
မရောက်ဖူးတဲ့နေရာမှာ အသိရှိတာ ကောင်းခြင်းတစ်မျိုးပဲလေ။ ကျွန်မသူငယ်ချင်းမက
ကျွန်မတို့ကို တရုတ်ငွေလဲဖို့ကူညီပေးပြီး ရွှေလီ ကို ဈေးဝယ်ထွက်ဖို့ လိုက်ပို့ပေးပါတယ်။
ဒုက္ခသည်တွေအတွက်
လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ကျွန်မတို့ ရွှေလီကို ထွက်လာခဲ့ကြတယ်။ ရွှေလီ
မရောက်ခင် ကြယ်ခေါင်ကို အရင်ဖြတ်ရပါတယ်။ အဲမှာ မူဆယ်နဲ့တံတိုင်းသာခြားတဲ့
တရုတ်ပြည်နယ်စပ် ကြယ်ခေါင်ကို စရောက်တာနဲ့ အရမ်းကို ကွာခြားသွားတာ တွေ့ကြုံရတယ်။
လမ်းတွေက သာယာလိုက်ပါဘိ။ အရင်က ကြယ်ခေါင်ဟာ မြန်မာပိုင်မြို့ဖြစ်ခဲ့တယ် .. အခုတော့
တရုတ်ပိုင်မြို့ဖြစ် သွားပြီပေါ့လေ။ တရုတ်ပြည်မှာ ကျွန်မတို့ တက္ကစီဆင်းရင်
ဘယ်သွားသွား တရုတ်ငွေ တစ်ယောက် (၅) ကျပ်လောက်ပဲကျပါတယ်။ တရုတ်ငွေ တစ်ကျပ်ကို
မြန်မာကျပ် တစ်ရာကျော်ကျော်လောက်ပဲရှိတာမို့ တော်တော် တန်တယ် ပြောရမှာပါဘဲ။
အဲဒီမှာ ကျွန်မတို့ ရခဲ့တဲ့ အတွေ့အကြုံကတော့ တရုတ်ပြည်က အိမ်သာ တွေက တံခါးတွေ
မပါဘူးရှင့်။ ကျွန်မသူငယ်ချင်းပြောတာကတော့ တရုတ်ပြည် က လူတစ်ချို့က အိမ်သာထဲမှာ
စာအုပ်ထိုင်ဖတ်ပြီး အချိန်ဖြုန်းတတ်ကျလွန်းလို့တဲ့လေ။ ရှက်တတ်ရင်
သတင်းစာမျက်နှာဖုံး တက်ပါတဲ့။ မှတ်သားဖွယ်ပါဘဲ။ မြန်မာပြည်က အလုပ်ရှင် တွေ
အကြိုက်ပါဘဲ။ အိမ်သာထဲ အချိန်ဖြုန်းတဲ့ ဝန်ထမ်းလျော့ချနိုင်တာပေါ့။
ဒီလိုနဲ့
မူဆယ်မှာ တနင်္ဂနွေတစ်ညအိပ်ကာ စခန်းက တာဝန်ရှိတဲ့လူတွေ လာခေါ်မဲ့ တနင်္လာနေ့ကို
ရောက်လာခဲ့ပါတယ်။ ကျွန်မတို့ အားလုံး အထုပ်အပိုးတွေ ကိုယ်စီနဲ့ လာခေါ်မဲ့လူတွေကို
စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြတယ်။ နောက်တော့ အန်တီကြီး တစ်ယောက်၊
ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်လာခေါ်ပါတယ်။ ကျွန်မတို့ကို
လာခေါ်တာဖြစ်ကြောင်း။ မမေရီအောင် အစည်းအဝေးရှိတာကြောင့် သူ့ကိုယ်စား
လွှတ်လိုက်တာဖြစ်ကြောင်း၊ သူတို့ကားကိုရွှေလီဘက်မှာ ရပ်ထားကြောင်း ရှင်းပြပါတယ်။
ဒါနဲ့ ကျွန်မတို့ရဲ့ ကူညီမှုခရီးစဉ် စတင်လာပါပြီ။
ပထမနေ့
ကျွန်မတို့
သွားတဲ့ စခန်းက လွိုင်းရင်းနဲ့ လွယ်ကျယ် နယ်စပ်ရောက်တော့ နေ့လည်လောက်ဖြစ်နေပြီ။
ကျွန်မတို့စတွေ့လိုက်ရတာကတော့ ကလေးတွေ အများကြီးကိုပါဘဲ။ အို ဘုစုခရု စုံလို့ပါဘဲ။
ကလေးလေးတွေရဲ့ ဖြူစင်အပြစ်ကင်းတဲ့ မျက်နှာလေးတွေမှာ နှစ်ချီးလေးတွေ ဖုန်တွေ
ပေတူးလို့ပေါ့။ သူတို့ခမျာ ဘယ်အချိန် ဘယ်ဌာနေကိုယ် ပြန်ရမယ်မှန်းမသိပေမဲ့လဲ
ဒီစခန်းက အခုဆို သူတို့အတွက် နေသားကျနေတဲ့ပုံစံလေးပါဘဲ။
ကျွန်မတို့လဲ
ဝယ်လာတဲ့ ပစ္စည်းတွေကို အရင်ဆုံး နေရာချထားလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့နဲ့
အတူတူနေမဲ့ဆရာမလေးနဲ့မိတ်ဆက်ပေးပါတယ်။ သူကတော့ ကျွန်မတို့ကို လာကြိုတုန်းက
ပါခဲ့တဲ့ ဆရာမ အားပန်ပါ။ ပြီးတော့ ဆွမ်လွတ်ထုနန်ဆိုတဲ့ အဒေါ်တစ်ယောက်နဲ့လဲ
ထပ်သိရပါတယ်။ သူက ကျွန်မတို့ နေဖို့ စီစဉ်ပေးထားကြောင်း မနက်ဖြန် စခန်းအသီးသီးက
ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလေးတစ်ခုလုပ် ကျွန်မတို့ နေရမဲ့ နေရာလေးကို
ခင်းကျင်းကြတာပေါ့။ ကျွန်မတို့ ခဏနားပြီးတော့ ညနေဘက် အနီးအနားက စခန်းတွေကို
သွားလေ့လာလိုက်ပါသေးတယ်။ အဲစခန်းကတော့ ကျွန်မတို့ မြွိစ်ရွန်းစခန်းလို ဆောက်ထားတဲ့
စခန်းမဟုတ်ပါဘူး။ စက်ရုံ တို့ အဆောက်အအုံအပျက်တို့မှာ ခေတ္တခဏ စခန်းလုပ်ထားတာပါ။
အဲမှာ ဒေသခံအချို့နဲ့ စကားတွေ ပြောခဲ့ကြပါတယ်။ တစ်ခြားစခန်းတွေက
နည်းနည်းဝေးတာကြောင့် ကျွန်မတို့ နောက်နေ့မှ သွားဖို့ စီစဉ်လိုက်ပါတယ်။
အဲညက
တရုတ်ပြည်ရဲ့ ဆောင်းညကို စောင်အထပ်ထပ်ချုံလို့ ဖြတ်သန်းခဲ့ပါတယ်..
တကယ့်ကိုယ်ချမ်းတဲ့ အရသာကို ခံစားရပါတယ်။ ဒီလိုနဲ့ပထမညကို ဖြတ်သန်းခဲ့ပါတယ်။
ဆက်ရန်-
(မှတ်ချက် ။ ဒီခရီးစဉ်အကြောင်းကို ပထမတော့ မရေးဘူးစဉ်းစားထားခဲ့ပေမဲ့ ကချင်ပြည်နယ် စစ်ဖြစ်တဲ့ တစ်နှစ်ပြည့်နေ့မှာပဲ ကချင်ပြည်နယ်က စစ်ဘေးသင့်ခံရတဲ့ ကလေးလေးတွေအတွက် ကျောင်းစရိတ် လိုတယ်လို့ မမေရီအောင်က ပြောတဲ့အတွက် ကိုယ်တွေ သွားခဲ့တာလေးတွေ ကို ရှဲပြီး ကုသိုလ်ယူစေချင်လို့ပါ)
No comments:
Post a Comment