Tuesday, June 26, 2012

ကျွန်မကိုယ် ကျွန်မ အထင်ကြီးတယ်

အော် .. ဒီနေ့လဲ ငါသွားရဦးမှာလား.. အိမ်က ဆန်ထည့်တဲ့ ဘူးထဲကြည့်လိုက်တော့လဲ ခေါက်ချရင်တောင် ဆန်တစ်စေ့ ထွက်မကျလာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတာလဲ အသားကျလှပေါ့.. မလုပ်ချင်သော်လဲ အစားတစ်လုပ်အတွက် ဘဝခါးခါးထဲ အပြောခံရလွန်းလို့ ရင်တောင် မနာနိုင်ရှာတော့ပါဘူး.. ကဲ သွားချေဦးမှ.. ကလေးတွေ အတွက် င့ါဘဝအတွက် လုပ်ချင်လဲလုပ် မလုပ်ချင်လုပ်ပါဘဲ...

ညနေ (၆) နာရီထိုးပြီဖြစ်သဖြင့် လက်ကျန် ဆန်လေးနဲ့ အိမ်မှာ ကျန်ခဲ့မဲ့ ကလေးတွေအတွက် ညစာထမင်းဟင်းချက်ရင်း နောက်တစ်နေ့ ဝမ်းစာအတွက် အလုပ်ဆင်းရန် ကျွန်မ ဗျာများနေရပါသည်။ အစစအရာရာ အကြီးမကို မှာရ .. အလှပြင်ရနဲ့ ဒီလိုနဲ့ ဒီအချိန်ရောက်တိုင်း ဗျာများရတဲ့ ကျွန်မ... ကျွန်မ အလုပ်အကိုင်ကတော့ ဘယ်သူကမှ အထင်ကြီးလေးစားစရာမရှိလဲ ကျွန်မကိုယ်ကျွန်မ အထင်ကြီးပါတယ်.. လူတကာရှေ့မှာ အစားတစ်လုပ်အတွက် ကပြရတဲ့ ကျွန်မ .. လူတကာပေါ့ အထူးသဖြင့် ယောက်ျားတွေရှေ့မှာလေ.. ကျွန်မအသက်မကြီးမငယ်နဲ့ အလှပြင်လို့ ဆတ်ကော့ လန်ကော့ လုပ်ပြပြီး ငွေရှာရပါတယ်.. ဒီလိုမှ မလုပ်ရင်လဲ ပညာမတတ်ခဲ့တဲ့ ကျွန်မ မုဆိုးမ ဖတဆိုးကလေးတွေအတွက် ဘာဆိုဘာမှ မလုပ်ပေးနိုင်ဘူးပေါ့.. ယောက်ျားများ အရက်သောက်နေကြတဲ့ ရီဝေဝေ မျက်လုံးတွေရှေ့မှာ ကျွန်မ မျက်ရည်မကျအောင်ထိန်းရင်း ဝမ်းစာရှာခဲ့တာ အခုဆို နေသားကြခဲ့ပြီလေ.. ဘယ်သူမှ ကျွန်မကို အထင်မကြီးပေမဲ့ .. ကျွန်မ ကလေးတွေကို ပညာသင်ပေးနိုင်လို့ ကျွန်မကိုယ် ကျွန်မ အထင်ကြီးပါတယ်.. အော် စဉ်းစားနေတာနဲ့ နောက်ကျတော့မှာပဲ.. ဆိုပြီး ကဗျာကယာ ကျွန်မစက်ဘီးလေးကို တွန်းလို့ တရုတ်တန်း လူစည်ကားရာသို့ ...

ဒီနေ့ သောကြာနေ့မို့ လူတော်တော်စည်တာပဲ.. လခထုတ်ရက်လဲ ဖြစ်တော့ လူတွေပိုလာနိုင်တာ ဖြစ်လောက်တယ်.. အင်း င့ါကိုဆုချမဲ့သူများရင် ကောင်းမှာပဲလေ.. သမီးအကြီးအတွက် စာအုပ်ဖိုးပေးရမှာလေး ပေးနိုင်ရင် ကောင်းမှာပဲ.. ပိုပိုလိုလိုလေး ရရင် ကုန်နေတဲ့ မိတ်ကပ်လေးလဲ ဝယ်ဦးမှ .. အသားရည်တွန့်နေတဲ့ မျက်နှာကို မိတ်ကပ်ခြယ်လို့ အသုံးတော်ခံရတဲ့ ကျွန်မဘဝအတွက် အလှပြင်ပစ္စည်းက မရှိမဖြစ်ပါဘဲ.. ကျွန်မအတွေးနဲ့ ကျွန်မ လျှောက်လာရင်း အလုပ်စလိုက်ပါတော့တယ်.... လေထဲမှာ ခပ်မြူးမြူး လွင့်လာတဲ့ သီချင်းသံနဲ့အတူ ကျွန်မရဲ့ မလှမပ ခန္ဓကိုယ်ကို စတင် လှုပ်ခါလိုက်ပါတယ်.. ဘီယာတစ်ခွက် ၅၀၀ နဲ့ ဘယ်နှစ်ခွက်မှန်းမသိ သောက်သုံးေုနကြတဲ့ လူတန်းစားတစ်ချို့ အတွက် သီချင်းတစ်ပုဒ်ကို ၅၀၀ ပေးရတာ များနေမလားဘဲ.. လူတစ်ချို့ရဲ့ လှောင်ရယ်သံ၊ လှောင်ပြုံးတွေကို မြင်တိုင်း ကျွန်မ နောက်က မှီခိုနေတဲ့ ကလေးတွေရဲ့ မျက်နှာကိုမြင်ယောက်ကြည့်ရင်း ကျွန်မ အားတင်းနေခဲ့တာ အခုဆို နှစ်တော်တော်ကြာပြီပဲ... တစ်ခါတစ်လေ လက်ဗလာနဲ့ အိမ်ပြန်ရတဲ့ ရက်တွေအတွက်လဲ ကျွန်မ စိတ်ဓာတ်မကျခဲ့ဘူး..

လူတွေရဲ့မျက်စိရှေ့မှာ ထင်ရတဲ့ ပေါ့ပျက်ပျက် မိန်းမတစ်ယောက်ရဲ့ နောက်ကွယ်မှာ တန်ဖိုးရှိတဲ့ မိသားစုလေးရှိတာကို သူတို့ကိုယ်ချင်းစာနိုင်မှာ မဟုတ်ပါဘူးလေ.. ကျွန်မကတော့ သူများတကာဆီက လိမ်ညာတောင်းစားတာ မဟုတ်လို့ ကျွန်မအလုပ်ကို ဂုဏ်ယူပါတယ်...အဲလိုတွေးနေရင်း နောက်နားဆီက အသံတစ်သံ

"ဟို အမကြီး ဒီဘက်ဝိုင်းကို သီချင်းလေးပုဒ်ကပြစမ်းပါ.. ခင်ဗျားကို ငါးထောင်ဆုချမယ်.."

အိုး င့ါ သမီးကြီးအတွက် စာအုပ်ဖိုးရပြီ.. ဆိုတဲ့ အတွေးနဲ့အတူ .. ကျွန်မ နောက်ထပ် တေးသွားတစ်ပုဒ် ဖွင့်လိုက်ကာ မြူးမြူးကြွကြွ စကနေပါပြီ.. ကျွန်မ အာရုံထဲမှာတော့ စာအုပ်ဖိုးရလို့ပြုံးပျော်နေမဲ့ သမီးမျက်နှာ နဲ့ တစ်ခါမှ ပြည့်အောင်မထည့်ဘူးသော ဆန်ထည့်သော ဘူးကလေး..

(ဒီဇာတ်လမ်းလေးကို ခင်မြတ် တရုတ်တန်းသွားရင်း တွေ့ခဲ့တဲ့ မိန်းမကြီးအကြောင်း ရေးထားတာပါ.. သူ့ကိုမြင်ပြီး သူ့နောက်ကွယ်က ရှိမဲ့ မိသားစုကို စာနာကြည့်တာပါ.. )

Thursday, June 21, 2012

ဘဝရဲ့ ချဉ် ငန် စပ် -၂

ဘဝရဲ့ ချဉ် ငန် စပ် -၂ 

ဘဝရဲ့ ချဉ်ငန်စပ် (၂) အဖြစ် အခက်အခဲတွေကြားက သွားလှူခဲ့ရတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်း ခရီးကိုရေးချင်ပါတယ်။ ဒီခရီးစဉ် ကို ကျွန်မနဲ့သိတဲ့ အစ်ကို တစ်ယောက် က စ စီစဉ်ပြီး ကျွန်မကို အလှူငွေကူခံပေးဖို့ အကူအညီတောင်းခဲ့ရာက စခဲ့တယ်ဆိုရမှာပေါ့။ အလှူငွေ ရှာယုံသက်သက်မဟုတ်ဘဲ သူတို့ ဘယ်လိုခံစားနေရသလဲဆိုတာကို သိချင်တာရယ်ကြောင့် လိုက်ခွင့်တောင်းခဲ့တယ်။ အဲအစ်ကိုကလဲ လိုက်လို့ ရနိုင်တယ်ဆိုတာနဲ့ ဒုက္ခရောက်နေရှာတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား မောင်နှမတွေဆီကို ဘယ်သူတားတား သွားဖို့ ဆုံးဖြတ်ခဲ့တယ်။
 

ခရီးစဉ်ကို စတင်စီစဉ်တာကတော့ ဇန်နဝါရီလောက်မှာပါ။ အလှူငွေတော်တော်များများ စုမိရင် ကျွန်မတို့ သွားဖို့ စီစဉ်မယ်လို့ ဆုံးဖြတ် ထားခဲ့ကြတယ်။ ဒီလိုနဲ့ကျွန်မသူဌေးကို ခွင့်တောင်းပြီး အလှူခံကြည့်တယ်။ သူဌေးက အလှူငွေ ဆယ်သိန်းထည့်ပေးတယ်။ သတိထားသွားဖို့လဲ ကျွန်မတို့ကို မှာလိုက်တယ်။ ဒီလိုနဲ့ ဆယ်သိန်းကျော်လောက် ရလာတဲ့အချိန်မှာ ကျွန်မတို့ ဖေဖော်ဝါရီလထဲကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပထမတုန်းကတော့ ကိုဒေးဗစ်နဲ့ကျွန်မနဲ့ မသီဆိုတဲ့အမပဲ သွားကြမလို့ပါဘဲ။ နောက် ကျွန်မသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ မထိုက်နဲ့ နန်းညီတို့လဲ လိုက်ပါချင်တာကြောင့် ကျွန်မတို့ ငါးယောက် တူတူသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နန်းညီက အလှူငွေ ဆယ်သိန်း ထပ်ရှာပေးလို့ ပိုအဆင်ပြေသွားကြတယ်။ ငါးယောက်မှာ ယောက်ျားလေး တစ်ယောက်ထဲ ပါတယ်ရယ်ကြောင့် အားကိုးတကြီး အစ်ကိုတွေဖြစ်တဲ့ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ထူးတေဇာ တို့ကို လိုက်ဖို့ ခေါ်ပါသေးတယ်။ သူတို့လဲမအားလပ်တာရယ်ကြောင့်  နောက်ဆုံးတော့ ကျွန်မ၊ မသီ၊ ကိုဒေးဗစ်၊ မထိုက်နဲ့ နန်းညီတို့ချည်းပဲ သွားဖြစ်ခဲ့ပါတော့တယ်။ 

သွားကြတော့မယ်ဆိုတော့ ကျွန်မတို့ ဘာတွေလှူကြမလဲ။ အလှူငွေကိုဘာတွေ ဝယ်ကြမလဲ။ ဟိုရောက်မှ ဝယ်မလား။ အခုဝယ်ကြ မလား။ သူတို့အတွက် အဓိက ဘာတွေလိုနေလဲဆိုတာရယ် စုံစမ်းပြီးတော့ ရန်ကုန်ကနေ ခြင်ထောင် အလုံး ၁၀၀ ဝယ်သွားပေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ကျန်တဲ့ပိုက်ဆံတွေနဲ့ သူတို့လိုအပ်နေတဲ့ အမျိုးသမီးသုံးပစ္စည်း၊ ခေါက်ဆွဲခြောက်စတာ တွေကို မူဆယ်ကျမှပဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ပြီးတော့ ကျွန်မတို့ တစ်ကိုယ်ရည် ဘာတွေလိုအပ်မလဲ။ ဘာတွေသယ်သွားရမလဲဆိုတာကို တိုင်ပင်ကြတယ်။ ကျွန်မတို့ခရီးစဉ်ကို မစခင် အချိန်ထဲကပဲ ကျွန်မတို့အားလုံး တက်ကြွနေကြပြီး စိတ်လှုပ်ရှားနေမိကြပါတယ်။ ခရီးစဉ်ကို အနည်းဆုံး တစ်ပတ်၊ ဆယ်ရက် သတ်မှတ်လိုက်ကြတယ်။ မူဆယ်မှာနေမယ်ဆိုတော့ သူငယ်ချင်းတွေကနေတစ်ဆင့် မူဆယ်က ဘုန်းကြီးကျောင်းမှာ နေဖို့ အကူအညီတောင်းရ၊ မူဆယ်မှာနေတဲ့ ကျွန်မသူငယ်ချင်း ဂျဲနီကိုလဲ လှမ်းဆက်သွယ်ရနဲ့ ကျွန်မတို့ တော်တော်ကို အလုပ်များခဲ့ကြပါတယ်။ ကျွန်မရဲ့ ငယ်သူငယ်ချင်းဖြစ်သူလဲ မူဆယ်မှာ အိမ်ထောင်ကျနေတာကြောင့် သူ့ကိုယ်လဲ အဆင်ပြေရင် တွေ့နိုင်တာမို့ ကျွန်မကတော့ သူများထက် ပိုစိတ်လှုပ်ရှားနေမိတာတော့ အမှန်ပါဘဲ။ 

မသွားခင်အထိ ကျွန်မတို့မှာ ဘယ်ကနေ ဘယ်လိုသွားမလဲဆိုတာလဲ မသိတာရယ် ဟိုဘက်နဲ့ အဆက်အသွယ်လုပ်ရတာလဲ ခက်တာရယ်ကြောင့် ကချင်ဒုက္ခသည်စခန်းကို မူဆယ်ကနေသွားရမယ် ဆိုတာရယ် မူဆယ်ကို ဟိုဘက်က တာဝန်ရှိသူတွေ လာကြိုမယ်ဆိုတာရယ်လောက်ပဲ သိခဲ့ရတယ်။ ဒီနေရာမှာ သေချာမစီစဉ်ဘူးဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။ သိတဲ့အတိုင်း တရုတ်ပြည်ဖုန်းကို အင်တာနက်ကနေ ခေါ်ရတာဆိုတော့ မကြည်တစ်ချက် ကြည်တစ်ချက် ကြောင့်လဲ ပါတာပေါ့။ ကျွန်မကတော့ ကိုဒေးဗစ်ကို ယုံကြည်ပြီး လိုက်ခဲ့သလို ကျွန်မကို ယုံကြည်ပြီး လိုက်ခဲ့တဲ့ နန်းညီနဲ့ မထိုက်ကိုလဲ ကျေးဇူးတင်ရပါမယ်။ 

မူဆယ် ခရီးစဉ်ကို ဖေဖော်ဝါရီ ရဲ့ စနေမနက်ခင်းမှာ စတင်ခဲ့ပါတယ် … ကျွန်မတို့သူငယ်ချင်း ငါးယောက်လုံး စိတ်လှုပ်ရှားမှု ကိုယ်စီနဲ့ပေါ့… မူဆယ်ကို ရန်ကုန်ကနေ မန်းလေး၊ မန်းလေးမှ မူဆယ်ကို ကားပြောင်းစီး ရပါတယ် … ကျွန်မတို့ သူငယ်ချင်းတွေထဲမှာ ကျွန်မက နည်းနည်း ဒူပေ ဒါပေ ခံနိုင်တယ်လို့ပဲပြောမလား မသိဘူး… ကားစီးရင် မမူးတတ်တာကိုပဲ ကျေးဇူးတင်ရမယ်။ ဒါပေမဲ့လဲ ညစာစားပြီးမှ မူဆယ်ရဲ့ တောင်တက်လမ်းတွေကို ကားနဲ့တက် ရတာမို့ နည်းနည်းစိုးရိမ်ပြီး အစားတောင် သိပ်မစားရဲခဲ့ပါဘူး။ မနက်စောစော မူဆယ်မြို့ကိုဝင်တော့ ကျွန်မတို့တည်းမဲ့ တည်းခိုခန်းကို ရောက်တာနဲ့ ကားကို နာရီ (၂၀) လောက် စီးလာတဲ့ ကျွန်မတို့တစ်တွေ ရေမိုးချိုး ခဏ အနားယူကြပါတယ်။ ပြီးတော့ ကျွန်မရဲ့ မူဆယ်မှာရှိတဲ့ သူငယ်ချင်းကို ဆက်သွယ်ပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့နေရာမှာ အသိရှိတာ ကောင်းခြင်းတစ်မျိုးပဲလေ။ ကျွန်မသူငယ်ချင်းမက ကျွန်မတို့ကို တရုတ်ငွေလဲဖို့ကူညီပေးပြီး ရွှေလီ ကို ဈေးဝယ်ထွက်ဖို့  လိုက်ပို့ပေးပါတယ်။  

ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ကျွန်မတို့ ရွှေလီကို ထွက်လာခဲ့ကြတယ်။ ရွှေလီ မရောက်ခင် ကြယ်ခေါင်ကို အရင်ဖြတ်ရပါတယ်။ အဲမှာ မူဆယ်နဲ့တံတိုင်းသာခြားတဲ့ တရုတ်ပြည်နယ်စပ် ကြယ်ခေါင်ကို စရောက်တာနဲ့ အရမ်းကို ကွာခြားသွားတာ တွေ့ကြုံရတယ်။ လမ်းတွေက သာယာလိုက်ပါဘိ။ အရင်က ကြယ်ခေါင်ဟာ မြန်မာပိုင်မြို့ဖြစ်ခဲ့တယ် .. အခုတော့ တရုတ်ပိုင်မြို့ဖြစ် သွားပြီပေါ့လေ။ တရုတ်ပြည်မှာ ကျွန်မတို့ တက္ကစီဆင်းရင် ဘယ်သွားသွား တရုတ်ငွေ တစ်ယောက် (၅) ကျပ်လောက်ပဲကျပါတယ်။ တရုတ်ငွေ တစ်ကျပ်ကို မြန်မာကျပ် တစ်ရာကျော်ကျော်လောက်ပဲရှိတာမို့ တော်တော် တန်တယ် ပြောရမှာပါဘဲ။ အဲဒီမှာ ကျွန်မတို့ ရခဲ့တဲ့ အတွေ့အကြုံကတော့ တရုတ်ပြည်က အိမ်သာ တွေက တံခါးတွေ မပါဘူးရှင့်။ ကျွန်မသူငယ်ချင်းပြောတာကတော့ တရုတ်ပြည် က လူတစ်ချို့က အိမ်သာထဲမှာ စာအုပ်ထိုင်ဖတ်ပြီး အချိန်ဖြုန်းတတ်ကျလွန်းလို့တဲ့လေ။ ရှက်တတ်ရင် သတင်းစာမျက်နှာဖုံး တက်ပါတဲ့။ မှတ်သားဖွယ်ပါဘဲ။ မြန်မာပြည်က အလုပ်ရှင် တွေ အကြိုက်ပါဘဲ။ အိမ်သာထဲ အချိန်ဖြုန်းတဲ့ ဝန်ထမ်းလျော့ချနိုင်တာပေါ့။ 

ဒီလိုနဲ့ မူဆယ်မှာ တနင်္ဂနွေတစ်ညအိပ်ကာ စခန်းက တာဝန်ရှိတဲ့လူတွေ လာခေါ်မဲ့ တနင်္လာနေ့ကို ရောက်လာခဲ့ပါတယ်။ ကျွန်မတို့ အားလုံး အထုပ်အပိုးတွေ ကိုယ်စီနဲ့ လာခေါ်မဲ့လူတွေကို စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြတယ်။ နောက်တော့ အန်တီကြီး တစ်ယောက်၊ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်လာခေါ်ပါတယ်။ ကျွန်မတို့ကို လာခေါ်တာဖြစ်ကြောင်း။ မမေရီအောင် အစည်းအဝေးရှိတာကြောင့် သူ့ကိုယ်စား လွှတ်လိုက်တာဖြစ်ကြောင်း၊ သူတို့ကားကိုရွှေလီဘက်မှာ ရပ်ထားကြောင်း ရှင်းပြပါတယ်။ ဒါနဲ့ ကျွန်မတို့ရဲ့ ကူညီမှုခရီးစဉ် စတင်လာပါပြီ။ 


ပထမနေ့                                                                                         
ကျွန်မတို့ သွားတဲ့ စခန်းက လွိုင်းရင်းနဲ့ လွယ်ကျယ် နယ်စပ်ရောက်တော့ နေ့လည်လောက်ဖြစ်နေပြီ။ ကျွန်မတို့စတွေ့လိုက်ရတာကတော့ ကလေးတွေ အများကြီးကိုပါဘဲ။ အို ဘုစုခရု စုံလို့ပါဘဲ။ ကလေးလေးတွေရဲ့ ဖြူစင်အပြစ်ကင်းတဲ့ မျက်နှာလေးတွေမှာ နှစ်ချီးလေးတွေ ဖုန်တွေ ပေတူးလို့ပေါ့။ သူတို့ခမျာ ဘယ်အချိန် ဘယ်ဌာနေကိုယ် ပြန်ရမယ်မှန်းမသိပေမဲ့လဲ ဒီစခန်းက အခုဆို သူတို့အတွက် နေသားကျနေတဲ့ပုံစံလေးပါဘဲ။ 

ကျွန်မတို့လဲ ဝယ်လာတဲ့ ပစ္စည်းတွေကို အရင်ဆုံး နေရာချထားလိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့နဲ့ အတူတူနေမဲ့ဆရာမလေးနဲ့မိတ်ဆက်ပေးပါတယ်။ သူကတော့ ကျွန်မတို့ကို လာကြိုတုန်းက ပါခဲ့တဲ့ ဆရာမ အားပန်ပါ။ ပြီးတော့ ဆွမ်လွတ်ထုနန်ဆိုတဲ့ အဒေါ်တစ်ယောက်နဲ့လဲ ထပ်သိရပါတယ်။ သူက ကျွန်မတို့ နေဖို့ စီစဉ်ပေးထားကြောင်း မနက်ဖြန် စခန်းအသီးသီးက ခေါင်းဆောင်တွေနဲ့ အစည်းအဝေးလေးတစ်ခုလုပ် ကျွန်မတို့ နေရမဲ့ နေရာလေးကို ခင်းကျင်းကြတာပေါ့။ ကျွန်မတို့ ခဏနားပြီးတော့ ညနေဘက် အနီးအနားက စခန်းတွေကို သွားလေ့လာလိုက်ပါသေးတယ်။ အဲစခန်းကတော့ ကျွန်မတို့ မြွိစ်ရွန်းစခန်းလို ဆောက်ထားတဲ့ စခန်းမဟုတ်ပါဘူး။ စက်ရုံ တို့ အဆောက်အအုံအပျက်တို့မှာ ခေတ္တခဏ စခန်းလုပ်ထားတာပါ။ အဲမှာ ဒေသခံအချို့နဲ့ စကားတွေ ပြောခဲ့ကြပါတယ်။ တစ်ခြားစခန်းတွေက နည်းနည်းဝေးတာကြောင့် ကျွန်မတို့ နောက်နေ့မှ သွားဖို့ စီစဉ်လိုက်ပါတယ်။  

အဲညက တရုတ်ပြည်ရဲ့ ဆောင်းညကို စောင်အထပ်ထပ်ချုံလို့ ဖြတ်သန်းခဲ့ပါတယ်.. တကယ့်ကိုယ်ချမ်းတဲ့ အရသာကို ခံစားရပါတယ်။ ဒီလိုနဲ့ပထမညကို ဖြတ်သန်းခဲ့ပါတယ်။
ဆက်ရန်-

(မှတ်ချက် ။ ဒီခရီးစဉ်အကြောင်းကို ပထမတော့ မရေးဘူးစဉ်းစားထားခဲ့ပေမဲ့ ကချင်ပြည်နယ် စစ်ဖြစ်တဲ့ တစ်နှစ်ပြည့်နေ့မှာပဲ ကချင်ပြည်နယ်က စစ်ဘေးသင့်ခံရတဲ့ ကလေးလေးတွေအတွက် ကျောင်းစရိတ် လိုတယ်လို့ မမေရီအောင်က ပြောတဲ့အတွက် ကိုယ်တွေ သွားခဲ့တာလေးတွေ ကို ရှဲပြီး ကုသိုလ်ယူစေချင်လို့ပါ)

Tuesday, June 19, 2012

တနင်္ဂနွေထဲက တနင်္ဂနွေ



ကျွန်မဘဝရဲ့တော်တော်များများ တနင်္ဂနွေတိုင်းဟာ ကျွန်မအရမ်းကို ဝါသနာပါတဲ့ လူမှုရေး လုပ်ငန်းတွေကိုလုပ်ပြီး ကုန်ဆုံးလေ့ရှိပါ တယ်။ အဲလိုမှမဟုတ်ရင်တော့ ကျွန်မချစ်ခင် သူများကို အချိန်ပေးတွေ့နိုင်အောင် ကြိုးစားတယ်။ ဒီတနင်္ဂနွေများစွာထဲက ကျွန်မ အတွက် အမှတ်တရဖြစ်စေမဲ့ တနင်္ဂနွေအချို့ ကို ကျွန်မ ပြောပြချင်ပါတယ်။
ဒီတနင်္ဂနွေမှာတော့ ကျွန်မတို့ မြရိပ်ညိုဖောင်ဒေးရှင်းနဲ့ ကျွန်မသူငယ်ချင်းတွေရဲ့အဖွဲ့လေးဖြစ်တဲ့ Myanmar ICT for Development အဖွဲ့တို့ ပူးပေါင်းပြီး ကော့မှူးမြို့က ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ စာသွားသင်ကြပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့ သူငယ်ချင်းပဲဆိုဆို အစ်မပဲပြောပြော ခင်မင်ရတဲ့ အစ်မနဲ့ ကျွန်မတို့ နှစ်ယောက်သွားသင်ကြပါတယ်။

ကျွန်မတို့ ဒီသင်တန်းကို သင်ဖို့ အခက်အခဲတွေ တော်တော်ကြုံရတယ်လို့ ပြောရင်မမှားပါဘူး။ သင်တန်းစဖွင့်တဲ့နေ့က ပွဲတစ်ပွဲနဲ့ တိုက်ဆိုင်နေတာရယ် မီးမလာတာရယ်ကြောင့် ကျွန်မတို့ ရွာလှည့် မီးစက်ရှာဖွေပြီး နောက်ဆုံး ဘုန်းကြီးကျောင်းက မီးစက်ကိုပဲ ပြန်ပြင်မယ် ဆီထည့်ပြီး သင်ကြမယ်ဆိုပြီး ဆုံးဖြတ်ပြီး ပြန်လာခဲ့ကြတယ်။ ကျွန်မတို့ နှစ်ယောက်ကလဲ ဒီသင်တန်းကို ဖွင့်ဖို့ စိတ်အားထက်သန်တာကြောင့် ရနိုင်သမျှ နည်းလမ်းတွေကို ကြိုးစားခဲ့ရတာပေါ့။ နောက်ဆုံးတော့ မီးစက်အဆင်ပြေမည့်အချိန်မှ ပြန်လာပြီးတစ်ပတ်တိတိ သင်ကြားမယ်ဆိုပြီး ပြန်လာခဲ့ကြပါတယ်။ 

ဒီလိုနဲ့မီးစက်အဆင်ပြေတဲ့နေ့မှာ ကျွန်မတို့ရဲ့ သင်တန်းလေးကို စတင်သင်ကြားနိုင်ပါတော့တယ်။ သင်တန်းသား (၁၄) ယောက်အတွက် ကွန်ပျူတာ (၅)လုံးပဲ ရှိတာကြောင့် ကျွန်မတို့ သယ်လာတဲ့ လယ်တောလေးတွေနဲ့ သင်တန်းသား (၇)ယောက်ကို နှစ်ကြိမ်စီ ခွဲသင်ရန် ဆုံးဖြတ်လိုက်ပါတယ်။ ရောက်ရောက်ခြင်းနေ့ မနက်မှာ အလွန်ပူတယ်ရယ်ကြောင့် ဒုတိယအချိန်ရဲ့ ပထမအစကို ထူးထူးခြားခြား ဖြစ်အောင် သရက်ပင်ကြီးရဲ့အောက်က ကွပ်ပျစ်လေးမှာ ICT အကြောင်း မိတ်ဆက်ခဲ့ကြတယ်။ ဒီလိုနဲ့ ညနေဘက်မှာ မိုးရွာတော့လဲ မထိုက်တစ်ယောက် မိုးသံကို အုပ်မိအောင်မနည်းကို ကြိုးစားသင်ယူရတယ်။ ကျွန်မကတော့ ပထမတစ်ရက် နှစ်ရက်မှာ သိပ်လုပ်စရာ မရှိပါဘူး။ မထိုက်ရဲ့ သင်ပုံကိုကြည့်ပြီး သဘောကျမိပါသေးတယ်။ အိုင်စီတီကို စိမ်းနေတဲ့လူတွေအတွက် လိုအပ်မယ်ထင်တဲ့ဟာတွေ ကို လွယ်ကူရိုးရှင်းတဲ့ ဥပမာလေးတွေနဲ့ သင်သွားနိုင်ပါတယ်။

ကွန်ပျူတာနဲ့ အလှမ်းဝေးလွန်းတဲ့ သူတို့လေးတွေ မှတ်မိအောင် ဥာဏ်နီဥာဏ်နက်ထုတ်  ဥပမာလေးတွေ ပေးပြီး သင်ရပါတယ်။ ဥပမာ- ဖိုင်တစ်ခုကို သိမ်းမယ်ဆိုရင် ပစ္စည်းတစ်ခုကို ဗီဒိုထဲ ထည့်သိမ်းရင် ဗီဒိုကို ဖွင့်ပြီးမှ သိမ်းလို့ရမှာမလား။ ဒါကြောင့် ဒီဖိုင်လေးကို ဖွင့်ပြီးမှ ကိုယ်သိမ်းချင်တဲ့ဟာကို ထည့်လို့ရမယ် စသဖြင့်ပေါ့။ ကျွန်မအတွက်တော့ အတွေ့အကြုံခပ်ကောင်းကောင်းပါဘဲ။ ကျွန်မအတွက် ဆရာမဖြစ်ရတာ မလွယ်ပါလားဆိုပြီး အမေ့ကို တောင် သတိရမိပါရဲ့။

သင်တန်းလုပ်တော့လဲ အခက်အခဲတစ်ချို့ကိုတွေ့ရပါတယ်။ မီးစက်က မိုးအရမ်းရွာရင်ပျက်လိုက်၊ မီးစက်ပျက်တဲ့အချိန် အလဟသမဖြစ်အောင် ကျွန်မတို့ ရဲ့ တပည့်လေးတွေနဲ့ ရင်းနှီးအောင် Team building အဖြစ် တွံတေးကို ဘုရားဖူးထွက်ဖြစ်ကြတယ်။ သူတို့လေးတွေရဲ့ ကြိုးစားချင်မှုတွေကို မြင်တွေ့ရတဲ့အခါ ဝမ်းသာရပါတယ်။ ညနေ မီးလာရင် အပြေးအလွှား လာကျင့်သူနဲ့၊ ထမင်းမစားဘူး ကွန်ပျူတာကျင့်မယ်ပဲပြောလို့ တစ်ခါတစ်လေ ကျွန်မတို့မှာ ဆရာမတို့ ထမင်းသွားစား၊ ရေချိုးပါရစေဟု တောင် ပြောယူရပါတယ်။ ကျွန်မအတွေးတောင် ဝင်မိပါတယ်။ မြို့ကလူတွေက အခွင့်အရေးတွေ လွယ်ကူစွာရနေလို့လား မသိပါဘူး။ သင်တန်းပြေးချင်တယ်။ သင်တန်းပြီးရင် ပြန်ဖို့စိတ်ပဲရှိပေမဲ့ ဒီကလေးတွေ ခမျာမှာတော့ မလိုက်နိုင်တာကလွဲလို့ အချိန်ရှိသမျှ ကြိုးစားပြီး  သင်ယူနေတာကိုတွေ့ရပါတယ်။ အဲလိုလေးတွေမြင်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပီတိက ဘာနဲ့မှ လဲနိုင်မယ်မထင်ပါဘူး။

ကျွန်မတို့သင်တန်းလုပ်နေစဉ်အတွင်း ထူးခြားဖြစ်စဉ်များကိုလဲ ခံစားရပါသေးတယ်။ သင်တန်း (၅) ရက်လောက်ဖြစ်လာတော့ ကျွန်မတို့ သူတို့လေးတွေနဲ့ တော်တော်ကို ရင်းနှီးလာပါတယ်။ မပြန်ချင်လောက်အောင်ပါဘဲ။ ပြန်ခါနီးရက်ကဆို ည (၉) နာရီလောက်ထိကို ကွန်ပျူတာလာကျင့်နေကြတုန်းပဲ။ ပြန်ခါနီး တပည့်တစ်ယောက် ခရုဟင်းလာပို့၊ တပည့်တွေက ဆရာမတွေနဲ့ လာစကားပြောနဲ့ မှတ်မှတ်ရရညလေးကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်မတို့ဆီက တစ်လသင်တန်းအထိ ယူချင်တယ်လို့ ပြောလာတော့ စဉ်းစားစရာတွေရှိလာပြန်တယ်။ အော် ပညာကို ပြန်ဝေမျှတာတောင် အခြေခံလိုအပ်ချက်တွေ မပြည့်စုံရှာတော့ ကျွန်မတို့အတွက် အခက်အခဲဖြစ်ရပါတယ်။ တစ်လလုံးသင်တန်းလုပ်ဖို့ ဆီဖိုးကျတော့လဲ မလွယ်လောက်ဘူးလေ။ အဲတော့ တပည့်လေးတွေကို ပြန်ပြောလိုက်ရပြန်တယ်။ မီးလာရင်တော့ ဆရာမတို့ ပြန်လာခဲ့မှာပါလို့လေ။