Sunday, November 24, 2013

အဆင်ပြေချောမွေ့သည့် ခရီးစဉ်တစ်ခုဖြစ်စေဖို့ လိုအပ်သော ပစ္စည်း (၇) မျိုး



 
ခရီးထွက်တယ်ဆိုတာ တစ်ကယ်တော့ စိတ်အပန်းဖြေခြင်း တစ်မျိုးပါဘဲ။ နေ့စဉ်ပြုလုပ်နေရတဲ့ နေ့တဒူဝ အလုပ်တွေထဲက ခဏလောက် ထွက်ပေါက်ရသွားသလိုမျိုး ခံစားရမှာပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ ချစ်သူနဲ့ (သို့) တစ်ယောက်ထဲ ခရီးထွက်မယ်ဆိုရင် လမ်းခရီးတစ်လျှောက် သင့်ကို အဆင်ပြေချောမွေ့ နေစေဖို့ မသယ်မဖြစ် သယ်ဆောင်သွားသင့်သည့် ပစ္စည်း (၇)မျိုး ရှိပါတယ်။ ဒီပို့စ်လေးက သင့်ရဲ့ ပျော်ရွှင်စရာခရီးအတွက် အနည်းငယ် အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ 


၁) ခရီးဆောင် ခေါင်းအုံးနှင့် စောင်
လေယာဉ်  ရထား (သို့) ကား ဘာနဲ့ဖြစ်ဖြစ် ခရီးထွက်တဲ့အခါ နားနားနေနေ ခရီးထွက်ခြင်းဟာ အကောင်းဆုံးပါဘဲ။ ဒါမှ ခရီးလမ်းဆုံးတဲ့အခါ သင်ဟာ ခရီးပန်းလို့နုန်းချိမနေဘဲ တက်ကြွနေမှာပါ။ ဒါကြောင့် ခရီးသွားဖို့ သီးသန့်ပြုလုပ်ထားတဲ့ ခရီးဆောင် ခေါင်းအုံး၊ စောင်တို့ကိုသာယူသွားမယ်ဆိုရင် လမ်းခရီးမှာ အေးချမ်းစွာ အိပ်စက်အနားယူပြီး သွားနိုင်သလို ဒီခရီးဆောင်ပစ္စည်းတွေဟာ ထုတ်ပိုးသိမ်းဆည်း ရတာလဲ လွယ်ကူတာကြောင့် သယ်ဆောင်ရတာလဲ အပန်းမကြီးစေပါဘူး။


၂) ငွေကြေးနှင့် ပိုက်ဆံအိတ်တို့ကို တတ်နိုင်သမျှ လျှို့ဝှက်သိမ်းဆည်းပါ။
ပိုက်ဆံတွေနဲ့ တန်ဖိုးရှိတဲ့အရာတွေကို လူမြင်သူမြင်ဖြစ်စေတဲ့ အိတ်ကြီးတွေ နဲ့ သယ်ယူခြင်းဟာ သူခိုးများကို မျက်စိကျစေဖို့ လမ်းကြောင်းပေးခြင်းပါဘဲ။ ဘာလို့ သိသာအောင် လုပ်မှာလဲကွယ်။ ပိုက်ဆံနဲ့ အကြွေးဝယ်ကဒ် အစရှိတဲ့ တန်ဖိုးရှိအရာတွေကို လုံခြုံပြီး ကိုယ်နဲ့မကွာရှိမည့် အိတ်တွေနဲ့ ထုတ်ပိုးထိန်းသိမ်းသင့်ပါတယ်။ မြန်မာပြည်လို ကဒ်ကို အဓိကထားမသုံးတဲ့ နိုင်ငံမှာတော့ ပိုက်ဆံတွေကို အနည်းဆုံး နှစ်နေရာလောက်ခွဲထည့်ခြင်းက အကောင်းဆုံးပါဘဲ။ ဒါမှ တစ်ခုပျောက်ရင် နောက်တစ်ခုက backup အနေနဲ့ ရှိနေမှာပါ။ 


၃) တစ်ကိုယ်ရည်သုံးပစ္စည်းများ
ရေခြားမြေခြားကိုသွားမယ်ဆိုရင်တော့ မိမိရဲ့အရေးကြီးတဲ့ စာရွက်စာတမ်းများ (ဥပမာ- passport၊ air ticket) ကို ကိုယ်နဲ့မကွာ ယူဆောင်သွားပါ။ ထိုပစ္စည်းများကို လွယ်လို့ရတဲ့ အိတ်ခပ်သေးသေးနဲ့ သပ်သပ်ရပ်ရပ် သိမ်းဆည်းတာက တစ်စုတစ်စည်းတည်းဖြစ်စေသလို လွယ်သွားလို့လဲရတာကြောင့် အဆင်ပြေစေမှာပါ။ တစ်ချို့ အရေးကြိး စာရွက်စာတမ်း တွေကို ဖုန်းထဲမှာ ဓာတ်ပုံရိုက်ပြီး သိမ်းဆည်းထားခြင်း၊ ပတ်စ်ပို့လို အရေးကြီး စာရွက်စာတမ်းများကို စကန်ဖတ်ပြီး ကိုယ်ပိုင် မေးလ်အကောင့်ထဲ ပို့ထားခြင်းတို့က အကောင်းဆုံးပါဘဲ။ 


၎) Electrical Converters
တစ်နေရာနဲ့တစ်နေရာမှာ လျှပ်စစ် ဗို့လ်အားတွေမတူသလို ပလောက်ပေါက်တွေကလဲ ကွဲပြားနေတတ်ပါတယ်။ သင့်မှာ ပါတဲ့ ဖုန်း၊ လက်တော့၊ ကင်မရာ အစရှိတာတွေကို အားပြန်သွင်းဖို့အတွက် ဆော့ကဒ်တွေနဲ့ အံဝင်ခွင်ကျဖြစ်တဲ့ electrical converters တွေလိုအပ်ပါတယ်။ 

 
၅) ခရီးဆောင် သဘက်
ပုံမှန် သဘက်တွေကို ခရီးသွားတဲ့အခါ သယ်ဆောင်မယ်ဆိုရင် ဝန်ပိုစေမှာပါ။ ဒါကြောင့် သယ်ရလွယ်၊ ခြောက်လွယ်၊ သိမ်းလွယ်တဲ့ ခရီးဆောင် သဘက်တွေကို သယ်သွားမယ်ဆိုရင် သင်ဘယ်သွားသွား အဆင်ပြေစေမှာပါ။ အဓိက အနေနဲ့တော့ trekking သွားဖို့ backpacking လုပ်တဲ့အခါ အသက်သာဆုံးပါဘဲ။ 


၆) ခရီးဆောင်အိတ်အတွက် သော့နှင့် အခြား လုံခြုံရေးပစ္စည်းများ
သေးငယ်ပြီး လုံခြုံမှုရှိစေတဲ့ သော့ခတ်ခြင်းသည် သင့်ခရီးဆောင်အိတ်လုံခြုံရေးအတွက် အကောင်းဆုံးဖြစ်စေမှာပါ။  




၇) သင့် ခရီးဆောင်အိတ်အား လွယ်ကူမှတ်မိနိုင်အောင် ပြုလုပ်ပါ။
သင့်အနေနဲ့ သင့်ခရီးဆောင်အိတ်ဟာ တမူထူးခြားတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ သင့်အိတ်လို ဆင်တူရိုးမား ခရီးဆောင်အိတ်တွေအများကြီး ရှိနေပါတယ်။ ဒါကြောင့် အရောင်တောက်တောက် luggage strap တွေကိုသုံးခြင်းက သင့်အိတ်ကို လွယ်လွယ်ကူကူမှတ်မိနိုင်ပြီး မြန်မြန်ဆန်ဆန်ရွေးထုတ်နိုင်မှာပါ။

No comments: