Saturday, December 10, 2011

၂၀၁၁ နှင့် ကျွန်မ

၂၀၁၁ ကို နာကျင်နေတဲ့ နှလုံးသားတစ်ခုနဲ့ လှမ်းခဲ့တဲ့ ကျွန်မ ၂၀၁၁ မှာတော့ ကြည်နူးပျော်ရွှင်မှုတွေနဲ့ ကြုံခဲ့ရတယ်..



၂၀၁၁ ဇန်နဝါရီမှာ ချစ်ဆုံး အမနဲ့ ကျိုက်ထီးရိုးနဲ့ ပြင်ဦးလွင် တူတူသွားခဲ့တယ်… ကျိုက်ထီးရိုး ရေတံခွန်နဲ့ ပြင်ဦးလွင်က ဓာတ်တော်ချိုင့် ရေတံခွန်တွေကို နှစ်စမှာ သွားခဲ့လို့ပဲလား ကျွန်မအတွက် ၂၀၁၁ ဟာ အခက်အခဲတွေနဲ့ ပျော်ရွှင်မှုတွေကို တပြိုင်ထဲ ယူဆောင်ပေးလာတဲ့ နှစ်ဆိုရင် ပိုများ မှန်နေမလား….


၂၀၁၁ ဖေဖော်ဝါရီမှာ MOSN အဖွဲ့က သူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးကို ထပ်သွားဖြစ်တယ်.. အမှတ်တရ ခရီးပါဘဲ… ဖေဖော်ဝါရီရဲ့ အထင်ကရနေ့ ပြည်ထောင်စုနေ့ မေ့မေ့မွေးနေ့မှာတော့ ကိတ်မုန့်တစ်လုံး ကျွန်မဝယ်ပေးလို့ ပျော်ရွှင်စွာ ကျင်းပခဲ့တယ်… ကျွန်မနဲ့ မသက်ဆိုင်တော့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ သူများအပျော်တွေကိုပဲ ကိုယ့် အပျော်လုပ်လို့ သူ့ကို ခဏမေ့ထားလိုက်တယ်…

၂၀၁၁ မတ်လမှာ ကျွန်မကို Asian Youth Forum က ရွေးချယ်လိုက်တယ်ဆိုတဲ့ စာကို ရခဲ့တယ်.. ကျွန်မဘဝမှာ အသွားချင်ဆုံး ခရီးတစ်ခုပါဘဲ.... နိုင်ငံတကာက လူငယ်တွေနဲ့ တွေ့ဆုံပြီးသူတို့ဆီက အပြုအမူ တွေ ယဉ်ကျေးမှုတွေကို ကျွန်မသင်ယူချင်နေမိတယ်.. ကျွန်မအတွက် inforithm-maze ရဲ့ ပုဂံ ခရီးစဉ်ဟာ ကျွန်မချစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နောက်ဆုံးထွက်ခဲ့တဲ့ ခရီးဆိုတာ မသိခဲ့ပါဘူး… အပြောင်းအလဲတစ်ခု ကျွန်မပြုလုပ်ဖို့ အချိန်ကျခဲ့တယ်.. ၂၀၁၁ ဧပြီလ လက်ရှိအလုပ်ကို သိပ်ချစ်တဲ့ ကျွန်မ…. ဘဝနဲ့ အလုပ်ကို ရွေးချယ်ဖို့ ကြုံလာတဲ့အခါ ဘဝကို လက်ခံဖို့ စင်္ကာပူကို ထွက်လာခဲ့တယ်…. ကျွန်မအတွက် အဲဒီ ခရီးဟာ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု နဲ့ ရင့်ကျက်မှု တို့ကို ရစေခဲ့တယ်.. သူများနိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ ကျွန်မလေ့ကျင့်ခဲ့ရတယ်…. စိတ်ဓာတ်တွေ အကြိမ်ကြိမ်ကျခဲ့ ပေမဲ့ အဲဒီ အတွေ့အကြုံတွေက ကျွန်မကို ဘယ်နိုင်ငံကို တစ်ယောက်ထဲ သွားသွား အဆင်ပြေအောင် သင်ပေးခဲ့တယ်… အခြေအနေ အကြောင်းကြောင်းကြောင့် စင်္ကာပူမှာ နေခွင့်မရခဲ့ လိုက်ပေမဲ့.. ကျွန်မအတွက် အလုပ်တစ်ခုက အသင့် ရှိနေခဲ့တယ်…. အရင်ကတော့ အလုပ်ကို ကိုယ်က လိုက်ရှာရပေမဲ့ အခုတော့ အလုပ်က ကိုယ့်ကို လိုက်ရှာ ခဲ့တယ်… အလုပ်ခန့်ပေးတဲ့ ကျွန်မရဲ့ ကျေးဇူးရှင်ကိုလဲ ကျေးဇူးတင်ပါတယ်..... အိုးမကွာ အိမ်မကွာ မြန်မာပြည်မှာ ကိုယ်ချစ်တဲ့ အလုပ်ကိုပဲ လုပ်ခွင့်ရလို့ ကျွန်မ ပျော်ခဲ့တယ်..


၂၀၁၁ အောက်တိုဘာလဟာ ကျွန်မအတွက် အခက်အခဲဆုံး နေ့ရက်တွေပါဘဲ.. Asian Youth Forum ကို မြန်မာနိုင်ငံမှာ သံရုံးမရှိတဲ့ နိုင်ငံမှာ ကျင်းပမယ်ဆိုတော့ ကျွန်မ ဘန်ကောက်ကိုဗီဇာသွားယူဖို့ပြင်ခဲ့တယ်.. တစ်ခါမှ ဗီဇာမလျှောက်ဘူးတဲ့ကျွန်မ လွဲချော်မှုတွေနဲ့ ဘန်ကောက်ကို နှစ်ခေါက်သွားခဲ့ရတယ်.. ဘန်ကောက်မြို့ဝန်းကျင် ရေကြီးနေတဲ့အချိန်ဖြစ်တဲ့အပြင် ကျွန်မတို့ရုံးက နိုင်ငံတကာ အစည်းအဝေးတစ်ခု ကျင်းပချိန်နဲ့တိုက်နေတာရယ်ကြောင့် ကျွန်မ တော်တော် အခက်အခဲဖြစ်ခဲ့ရတယ်.. ထိုင်ဝမ်သံရုံးက ရစ်သမျှကို ကျွန်မမှာ သည်းခံရင်း ဗီဇာမရရအောင် ယူခဲ့ရတယ်.. ဒုတိယအခေါက် ဗီဇာလျှောက်တုန်းက ဘန်ကောက်နဲ့ ရန်ကုန် နေ့ချင်းပြန်မယ်ဆိုပြီး လေယာဉ်လက်မှတ် ဝယ်ခဲ့ပေမဲ့ ရစ်တတ်တဲ့ သံရုံးဝန်ထမ်းကြောင့် လေယာဉ်နောက်ကျသွားခဲ့ရတယ်.. အစည်းအဝေးရှိတာကြောင့် နောက်နေ့မနက်အစော လေယာဉ်နဲ့ ကျွန်မ ရန်ကုန်ကို ပြန်ခဲ့ရတယ်.. ခက်ခက်ခဲခဲ ရလာတဲ့ဗီဇာကို ကြည့်လို့မဝခဲ့ဘူးး))


Oh.. နိုဝင်ဘာလ ကျွန်မဘဝအတွက် အမှတ်တရအဖြစ်ဆုံးပါဘဲ.. ကျွန်မရဲ့ နောက်ထပ် မိသားစုတစ်ခုကို Chientan youth Center မှာ တွေ့ခဲ့ရတယ်…. အားလုံးက ချစ်ဖို့ကောင်းနေပါတယ်.. မည်းသည် ဖြူသည် ချောသည် ရုပ်ဆိုးသည် ပုသည် ရှည်သည် ဆိုတာတွေ ရှိပေမဲ့ AYF Family ကတော့ အရာရာဟာ တူညီနေသလိုပါဘဲ… Forum ရဲ့ ခေါင်းစဉ်ဖြစ်တဲ့ Embracing One Humanity ဆိုတာ ကျွန်မအတွက် လက်တွေ့ သိလိုက်ရတာပါ.. အာဆီယံ နိုင်ငံ (၁၂) နိုင်ငံက လာတဲ့ (၇၇) ယောက်သော လူငယ်တွေဟာ မိသားစုတစ်စု လိုကို ဖြစ်ခဲ့ပါတယ်.. ကျွန်မတို့တွေ ယဉ်ကျေးမှုတွေ အသိပညာတွေ အတွေးအခေါ်တွေကို (၈) ရက်အတွင်း ဖလှယ်ခဲ့ရပေမဲ့.. (၈)သက် မေ့နိုင်မယ်မထင်ပါဘူး.. နေ့စဉ်နေ့တိုင်း လုပ်ခဲ့ရတဲ့ အရာတွေဟာ တစ်သားတည်း ဖြစ်စေခဲ့တယ်….မနက်တိုင်း အိပ်ရာက နိုးလာတဲ့အခါ ထိုင်ဝမ်က Chientan youth Center မှာမဟုတ်ပါလားလို့ တွေးမိတဲ့ အထိပါဘဲ…



ကျွန်မတို့မှာ မတူညီမှုတွေ ရှိနေတယ်..... ကျွန်မတို့ဟာ မတူညီတဲ့ နိုင်ငံတွေကလာတယ်.… .ဆံပင်တွေ အသားအရောင်တွေ ကွဲပြားနေပါလိမ့်မယ်.... တွေးခေါ်ပုံတွေ ကွဲပြားနေတယ်.... ယဉ်ကျေးမှုတွေ ခြားနားနေတယ်.. ဒါပေမဲ့ အခုဆို ကျွန်မတို့ မိသားစုဝင်တွေဟာ အာရှနိုင်ငံရဲ့ နေရာတိုင်းမှာ ရှိနေတယ်.. ဒီမိသားစုဝင်တိုင်းမှာ တူညီတဲ့ အတွေးတစ်ခုတော့ ရှိနေတယ်.. အဲဒါကတော့ မိမိတို့ရဲ့ မိသားစု ပတ်ဝန်းကျင်ကို အကောင်းဆုံးတွေ ပေးချင်နေတာပါဘဲ.... အခုဆို AYF မိသားစုဝင်တွေဟာ နိုင်ငံ (၁၂) နိုင်ငံမှာ ရှိနေပြီး နေရာအနှံမှာရှိတဲ့ ကျွန်မတို့ မိသားစုတွေ ကို ကာကွယ်စောင့်ရှောက် ချင်တဲ့စိတ်တွေ ဖြစ်လာ ခဲ့ပြီး တခြားသူတစ်ယောက်ရဲ့ ယဉ်ကျေးမှုနဲ့ အတွေး အခေါ်တွေကိုလေးစားတတ်လာတယ်.. AYF တွေ့ဆုံပွဲက ပြန်လာတဲ့ ကျွန်မတို့အားလုံး အဲစိတ်ဓာတ် လေးတွေကို ရင်ဝယ် ပိုက်ပြီး ပြန်ခဲ့ ကြသူချည်းပါဘဲ …. လူသားတိုင်းသာ အဲလိုဖြစ်ခဲ့ ရင် ကမ္ဘာကြီးမှာ စစ်နဲ့ နိုင်လိုမင်းထက် ကျင့်မှုတွေ လျော့နည်းသွားမှာပဲ….



၂၀၁၁ ဒီဇင်ဘာ မန်းလေးကို ubuntu ပွဲအတွက် ရောက်ခဲ့တယ်.. ခင်ဖို့ကောင်းတဲ့ ubuntu အဖွဲ့က အစ်ကိုတွေ… မန်းလေးက မောင်လေး ညီမလေးတွေကို ခင်ခွင့်ရခဲ့တယ်.. မန်းလေးက လူတွေက ရန်ကုန်ကလူတွေထက်တော့ ဟန်ဆောင်မှုကင်းတာ အမှန်ပါဘဲ.. အော် ဘာလိုလိုနဲ့ ၂၀၁၂ ကိုရောက်ပါဦးမယ်.. ၂၀၁၁ ဒီဇင်ဘာ နောက်ဆုံးညကို ကြည်နူးစွာ ကုန်ဆုံးချင်တယ်… ၂၀၁၂ ရေ ပျော်ရွှင်မှုတွေ အမှတ်တရတွေကို င့ါကိုပေးဖို့ စောင့်နေပါဦး

No comments: