လူတိုင်းမှာ
အခက်အခဲဆုံး အချိန်တွေ အမှတ်ရဆုံး အဖြစ်အပျက်တွေ ရှိခဲ့မှာပဲ။ အဲအချိန်တွေက
ကိုယ့်ဘဝရဲ့ အမှတ်တရတွေ အတွေ့အကြုံတွေ အဖြစ်နဲ့ ပြောင်းလဲသွားကြတယ်။
အဲဒီအတွေ့အကြုံတွေကပဲ ခံနိုင်ရည်တွေ အင်အားသစ်တွေကို မွေးဖွားပေးခဲ့တယ်လို့
ဆိုရင်လဲ မှားမယ်မထင်ပါဘူး။ ကျွန်မကို ဘဝရဲ့ ချဉ် ငန် စပ် အရသာ ပြီးပြည့်စုံစေတဲ့
အတွေ့အကြုံတွေ ထဲက အတွေ့အကြုံတစ်ချို့ကို မျှဝေချင်လို့ ဘဝရဲ့ ချဉ်ငန်စပ် ဆိုတဲ့
ပို့စ်ကို အပိုင်းလိုက် တင်ဖို့အတွက် ဘဝရဲ့ ချဉ်ငန်စပ် (၁) ကို စရေးလိုက်ပါတယ်။
ဘဝရဲ့ ချဉ် ငန်
စပ် (၁)
၂၀၁၁
ရဲ့ အေပရယ် သင်္ကြန်အပြီးမှာ စင်္ကာပူကို အလုပ်ရှာဖို့ ထွက်ခဲ့ပါတယ်.... အဲမှာ
ရခဲ့တဲ့အတွေ့အကြုံတွေကတော့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်အောင် သင်ပေးခဲ့တယ်။
နိုင်ငံခြားကို တစ်ခါမှ မရောက်ဖူးတဲ့ ကျွန်မအတွက်တော့ စင်္ကာပူမှာ ဘယ်က နေ ဘယ်လိုစ
အလုပ်ရှာရမှန်းမသိပါဘူး။ အလုပ် ရမှာ မရမှာထက် ကျောင်းတုန်းက သူငယ်ချင်းအချို့နဲ့
ပြန်တွေ့ရတော့မှာမို့ ပျော်နေမိတယ်။ ခင်တဲ့သူငယ်ချင်းတွေ အစ်ကိုတွေ အမတွေဆီက
မေးမြန်းပြီး စမ်းတဝါးဝါးစခဲ့ရတယ်။ ကျွန်မအတွက် သူများထက် ကံကောင်းတာကတော့
အိမ်စရိတ်ကြီးတဲ့ စင်္ကာပူမှာ မောင်နှမလိုအရမ်းခင်ရတဲ့ အစ်ကိုနဲ့ အစ်မအိမ်မှာ
တူတူနေရတာပဲ။ ကျွန်မအတွက် နေစရာ စားစရာ အစအစအရာရာ အဆင်ပြေတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ
ခင်သည် ကူညီသည်ဖြစ်စေ တကယ်တမ်း အလုပ်ရှာတဲ့ အခါမှာတော့ စင်္ကာပူမှာ သူများတကာကို
အားကိုးနေခြင်းထက် ကိုယ့်ဘာသာ မကြိုးစားရင် အဆင်မပြေနိုင်ဘူးဆိုတာ သိခဲ့ရသလို စင်္ကာပူမှာ အလုပ်လုပ်နေတဲ့လူတွေကို ကိုယ်ချင်းစာ
နားလည်မိလာတယ်။ အလုပ်ချိန်မှာတောင် ဖုန်းနဲ့ပဲ အင်တာနက်သုံးခွင့်ရှိတာကို မသိတဲ့
လူတစ်ချို့ (ကျွန်မ ပါဝင်ဖူးတယ်) က မာနကြီးလိုက်တာ ပြန်တောင်မပြောဘူး။ ဂျီတော့က
စိမ်းနေရဲ့သားနဲ့ဆိုပြီး အပြစ်တင်ဝေဖန်ကြတာကို အခုတော့ နားလည် ကိုယ်ချင်းစာမိလာတယ်။
ကျွန်မတို့
မြန်မာလူမျိုး အများစုအတွက် အခက်အခဲဆုံးအလုပ်ကတော့ ကိုယ့်ဘာသာကိုယ်
အားကိုးတတ်ခြင်းဘဲလို့ ထင်ပါတယ်။ ကျွန်မ သူငယ်ချင်းတစ်ယောက်ဆို ရန်ကုန်မှာ ကတည်းက
မိသားစုကို ခင်တွယ်လွန်းသူမို့ မြန်မာ မိသားစုထုံးစံအတိုင်း အရာရာ
ဂရုစိုက်ခံခဲ့ရသူမို့ စင်္ကာပူရောက်တော့ ညတိုင်း သူငိုရ တယ်လို့ ဖွင့်ပြောခဲ့ဖူးတယ်။
စင်္ကာပူဖြစ်ဖြစ် တခြား ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အလုပ် ရှာတော့မယ်ဆိုရင်တော့
independent နဲ့ self –confidence ရှိအောင် နေဖို့က အရေးအကြီးဆုံးပဲလို့
ကျွန်မထင်မိတယ်။
အလုပ်အင်တာဗျူး
တစ်နေ့ (၃) ခုလောက်ရဖို့အတွက် မနက် (၆) နာရီထပြီး seven-eleven မှာ သတင်းစာ
ဝယ်ရပါတယ်။ ကိုယ်လျှောက်မယ် ရည်ရွယ်ထားတဲ့ ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တွေ (ဥပမာ-
Admin Assistant, Secretary) စတာတွေကို high light လုပ်၊ အီးမေးလ်နဲ့ပို့ လျှောက်ရမဲ့အလုပ်တွေကိုအရင်ဆုံး
လျှောက်ပါတယ်။ ဘာလို့လဲဆိုတော့ Inbox ထဲကို အရင်ဆုံးဝင်တဲ့ လျှောက်လွှာတွေကိုယ်သာ
ဦးစားပေးကြည့်တာမို့လို့ နောက်မကျရအောင်ပါ။ ဒါတောင်ကိုယ့်ထက်
စောတဲ့လူတွေရှိနိုင်တာမို့ အတတ် နိုင်ဆုံး အစောဆုံးဖြစ်အောင် လျှောက်သင့်တာပါ။
ခင်မြတ်တို့ အိမ်နားက seven-eleven ကိုယ် သတင်းစာက ခြောက်နာရီအစောဆုံး
ရောက်တာမို့လို့ ဒီထက်စောထလဲ မရဘူးဖြစ်နေတယ်။ အစ်မတစ်ယောက်ဆို မနက် ၅
နာရီလောက်ကတည်းက သတင်းစာ ဆင်းဝယ် တယ်ဆိုလားပဲ။ အီးမေးလ်နဲ့အလုပ်လျှောက်ပြီးပြီဆိုရင်တော့
ဖုန်းအင်တာဗျူးမှန်သမျှကို လိုက်ဆက်ရပါတော့တယ်။ စစချင်း အလုပ် လျှောက်တုန်းကဆိုရင်
ဖုန်းတစ်ခါဆက်ရမှာကို စိတ်ထဲတစ်မျိုးကြီး။ တစ်ခါမှ မြန်မာပြည်မှာ ဖုန်းအင်တာဗျူးမလုပ်ဖူးတဲ့
အတွက် ဒီအကျင့်ရဖို့ အတွက် ကိုယ့်ကိုယ်ကိုယ် အားပေးပြီး ငါဆက်ကိုဆက်ရမယ်ဆိုတဲ့
စိတ်နဲ့လုပ်ခဲ့ရတယ်။ အဲလို မနက်စောစော အလုပ် ထလျှောက်လို့ (၁၂) မထိုးခင် အင်တာဗျူး
(၃)ခုလောက်ရရင် ထပ်မဆက်တော့ဘဲ အင်တာဗျူးသွားမဲ့နေရာတွေကို google map မှာရှာ ဘယ်
MRT နဲ့ bus number ဘယ်လောက်စီးရမလဲဆိုတာတွေမှတ်ရတယ်။ ပြီးမှ ရေမိုးအမြန်ချိုးပြီး
အင်တာဗျူးမဲ့နေရာတွေကို သွားရတယ်။ မြန်မာပြည်မှာ တစ်ခါမှ အင်တာဗျူးကို
မကြောက်ခဲ့သလို အင်တာဗျူးကြောင့် စိတ်ဓာတ်မကျခဲ့ဖူးတာတောင် သူများနိုင်ငံမှာတော်တော်ကို
စိတ်ဓာတ်ကျခဲ့ဖူး တယ်။ ဖုန်းတစ်ခါဆက်တိုင်း ကိုယ့်အရည်အချင်းကို သူတို့သဘောကျပြီး
ဟုတ်ပြီ Singaporian လားလို့မေးတဲ့အခါ မဟုတ်ပါဘူး။ ငါ မြန်မာကပါ။ ဆိုတာနဲ့
ဆောရီးပါ ငါတို့က စင်္ကာပူနိုင်ငံသားပဲလိုချင်တာ။ (သို့) ငါတို့ဆီမှာ
လူပြည့်သွားလို့ပါ.. စတဲ့ ဆင်ခြင်အမျိုးမျိုးကို ပေးခံခဲ့ရတယ်။
ခင်မြတ်သွားတဲ့အချိန်က
မကောင်းတဲ့အချိန်ပါဘဲ။ သူတို့က ပြည်ပအလုပ်သမားဥပဒေတွေကို ပြင်နေတဲ့အချိန်ပေါ့။ အလုပ်
လျှောက်ရလဲ အင်မတန်မှ ခက်တဲ့အချိန်ပါဘဲ။ မြန်မာဆိုတာနဲ့ကို ငါတို့မလိုဘူးဆိုတာတွေရယ်။
သူတို့နိုင်ငံသားကိုပေးတဲ့ လခထက် လျော့ပေးချင်တာတွေရယ် တော်တော်ကို
စိတ်ပျက်စရာကောင်းတာပါ။ တစ်ချို့အလုပ်တူတူလာရှာတဲ့ သူငယ်ချင်းအချို့ဆိုရင်
အင်တာဗျူးတောင်မရဘူးတဲ့။ ကိုယ်ကတော့ ကံကောင်းတာလား မသိဘူး။ တစ်နေ့ကို အင်တာဗျူး ၂
ခုတော့ အနည်းဆုံးရပါရဲ့။ ဒါပေမဲ့ ဘာအကြောင်းမှ မပြန်တာမို့ အင်တာဗျူးအတွက် သွားလိုက်ရတဲ့
စရိတ်တွေကို နှမြောမိပါရဲ့။ နောက်တော့ သိသွားပါတယ်။ အင်တာဗျူးမေးရင်
ဘယ်လောက်နေဖို့ကျန်သေးလဲဆိုရင် ပြန်ခါနီးပြီပဲပြောမှ သူတို့က အလေးထားတော့တယ်။
အင်းပေါ့လေ သူတို့ နိုင်ငံမှာ ကိုယ်တွေက အလုပ်လုပ်ချင်တဲ့လူဆိုတော့ အရာရာကို
ငြင်းဆိုပိုင်ခွင့်တောင် မရှိတော့ဘူး။ သူတို့ဘာပြောပြော လုပ်နိုင်ပါတယ်။ ငါက
အကုန်အဆင်ပြေတယ်ဆိုတာကြီးပဲ။ မြန်မာ အများစုက ရောက်ပြီးမှ မပြန်ချင်တာကြောင့်
ပြောတာများပါတယ်။ ဒါကြောင့်မို့ အလေးမထားချင်ကြသလား မသိပါဘူး။ မှတ်မှတ်ရရ ကိုယ်က
အဲအလုပ်ကို (working environment) မကြိုက်လို့ သူဌေးနဲ့ အင်တာဗျူးတဲ့အခါ
မရလဲနေဆိုတဲ့ စိတ်နဲ့ ပေါ့ပေါ့ပါးပါးဖြေတဲ့ အလုပ်တွေ က ခန့်တယ်။ ဒါပေမဲ့ အလုပ်ချိန်တွေက
တစ်နေ့ (၁၂) နာရီ။ လုပ်ရမှာက နံစော်နေတဲ့ warehouse လိုဟာမျိုးတွေ အဓိကကတော့
သူတို့လူမျိုးမလုပ်ချင်တဲ့နေရာတွေမှာပေါ့။
ဒီလိုနဲ့
pass နှစ်လပြည့်ခါနီးမှာ အလုပ်တွေ ရွေးရခက်အောင် တစ်ခုပြီးတစ်ခု ရလာပါတော့တယ်။
spass တင်ဖို့က အလုပ်တစ်ခုထဲ ရွေးရမှာရယ် သက်တမ်းတိုးဖို့ကလဲ တအားကို
ကပ်နေတာရယ်နဲ့ တော်တော်ကို အကျပ်ရိုက်တဲ့ကာလပါဘဲ။ အဲမှာတင် အလုပ်တစ်ခု
ကိုရွေးလိုက်ပြီး ပတ်စ်တင်လိုက်ပါတယ်။ ကံဆိုးချင်တော့ ကိုယ်တင်တဲ့နေ့က မေ (၃၁) မှာ
MOM’s web site က ပြင်ဆင်နေတယ်ဆို မတင်ရဘူး။ နောက်နေ့ ဇူလိုင် (၁) ရက်နေ့မှာ MOM
web site က ပြန်ဖွင့်ပေမဲ့ ပြည်ပအလုပ်သမားဥပဒေတွေ ပြောင်းလိုက်လို့ ဘယ်အချက်နဲ့
မညီလဲတော့မသိဘူး Spass Reject တဲ့။ ဒါနဲ့အဲနေ့က တော်တော် စိတ်ဓာတ်ကျပြီး ဘာလုပ်ရမှန်းမသိတာရယ်၊
အိမ်က လဲ ပြန်လာလို့ ပြောတာရယ်နဲ့ အရင်က ကမ်းလှမ်းထားတဲ့အလုပ်ကို လက်ခံပြီး
ပြည်တော်ပြန်ပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ “ဒါကောင်းဖို့ ဖြစ်လာတာပါ” ဆိုတဲ့ ပုံပြင်လိုပဲ
ဒီမှာအလုပ်မရလဲ ကိုယ့်နိုင်ငံမှာ လစာကောင်းတဲ့အလုပ်ရှိတာပဲဆိုပြီး
စိတ်ဖြေလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံရောက်ရင် သူတစ်ပါးကို အားကိုးတာထက်
ကိုယ့်ဘာသာသာ အားကိုးဖို့ အလိုအပ်ဆုံးဆိုတာ သိခဲ့ရတယ်။ အတွေ့အကြုံတွေက ပိုပြီး
ရင့်ကျက်စေခဲ့တယ်။
စင်္ကာပူမှာ
ရခဲ့တဲ့အတွေ့အကြုံတွေကြောင့် အနည်းဆုံးတော့ ကိုယ့်ဘာသာ အားကိုးတတ်လာတယ်။
နေရာတိုင်းမှာ အင်္ဂလိပ်လိုပဲ ကြားနေရတဲ့ သူစိမ်း တိုင်းပြည်မှာ ဘယ်လိုတွေ သွားရ
လာရတယ်ဆိုတာကို သိလာတယ်။ ရုပ်ရှင်လက်မှတ် ဝယ်တာကအစ ဘယ်လိုစနစ်တွေ ကျင့်သုံးလဲဆိုတာ
လေ့လာလို့ရတယ်။ ပိုပြီးရင့်ကျက်လာတယ်။ နောင်ဘယ်နေရာကိုပဲ ဖြစ်ဖြစ်
တစ်ယောက်ထဲသွားတဲ့အခါ အဲဒီအတွေ့အကြုံတွေက အကောင်းဆုံး သင်ခန်းစာဖြစ်ခဲ့တယ်။ အဲလိုအတွေ့အကြုံ
တွေကလဲ ဘဝရဲ့ ချဉ် ငန် စပ် အရသာ တစ်ခုပဲ မဟုတ်လား။