တိုင်းပြည်တစ်ပြည်ကို GDP နဲ့တိုင်းတာတာတို့ .. ဘာတို့ ကျွန်မ သိပ်နားမလည်ပါဘူး.. ဒါပေမဲ့ .... ဘယ်လောက်ပဲ တိုင်းပြည်ကြီးက ကောင်းနေပါစေတော့ စိတ်ဓာတ်ကတော့ အရေးကြီးဆုံး အရာလို့ ကျွန်မနားလည်မိတယ်... စိတ်ဓာတ်နိမ့်နေရင် လူမျိုးနိမ့်နေမှာပဲလေ..
ကျွန်မအနေနဲ့ ကလေးစိတ်ပညာကို အထူးစိတ်ဝင်စားပါတယ် ဒါပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် စာအုပ်တွေပဲ ဝယ်ဖတ်နိုင်ခဲ့ တယ်။ တစ်ခြားစိတ်ပညာဆိုင်ရာတွေကိုတော့ သင်တန်းတက်ဖြစ်ရင် တက်ဖြစ်ပါတယ်။ လူငယ်တွေဟာ နောင်လာမဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်တွေလို့ သုံးကြတယ်။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လူငယ်အရွယ်ရောက်မှ စိတ်ဓာတ်ပြောင်းပေးလို့ မရနိုင်ဘူးလို့ ထင်ပါတယ်။ ငယ်ငယ်ကတည်းက မိဘ၊ ဆရာသမား၊ နိုင်ငံအကြီးအကဲ စတာတွေက အကောင်းဆုံး လေ့ကျင့်ပေးမှသာ စိတ်ဓာတ်မြင့်မားတဲ့ လူငယ်တွေ ကို ရရှိမှာပါ။ ကျွန်မကတော့ လူငယ်တွေကသာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဆိုရင် ကလေးတွေက လူငယ်တွေရဲ့ အနာဂတ်ပါလို့ ပြောချင်ပါတယ်။
ကျွန်မရဲ့ အတွေ့အကြုံနည်းနည်းလေး၊ ဦးဏှောက်သေးသေးလေးနဲ့ စဉ်းစားမိတဲ့ ဖြစ်ရပ်လေးတွေပါ
ဖြစ်ရပ် (၁)
ကလေးတုန်းက ကျွန်မတို့ အတန်းထဲမှာ ပြိုင်ဆိုင်ကြတယ်။ စာတော်ဖို့ ပြိုင်ကြတယ်။ ဆရာမချစ်ဖို့ ပြိုင်ကြတယ်။ ဆရာမက လိမ်မာတဲ့ ကလေးတွေကို ပိုချစ်တယ်။ စကားနားထောင်တဲ့လူချစ်တယ်။
အတန်းထဲမှာ ဆရာမက နာမည်မှတ်ခိုင်းတဲ့အခါ သူငယ်ချင်းတစ်ယောက် စကားပြောနေရင် ဆရာမ သူ စကားပြောနေတယ်လို့ ကျွန်မ ထောင်မိတယ်။ ဆရာမက သမီးက တော်လိုက်တယ်လို့ ချီးမွမ်းပါတယ်။ ဒါတွေဟာ ကျွန်မရဲ့ မသိစိတ်ထဲကို ငါဟာ သူတစ်ပါးကို ချောက်ချမှ ဆရာမချစ်တဲ့ နေရာတစ်ခု ရပါလားလို့ မသိမသာ စွဲသွားခဲ့တယ်။
ဖြစ်ရပ် (၂)
မေမေက ပြောတယ်။ ဒီတစ်ခေါက် အတန်းထဲမှာ အဆင့် (၁)ရရင် ကျွန်မလိုချင်တဲ့ စက်ဘီးလေး ရမယ်တဲ့။ ကျွန်မအတွက် အတန်းထဲက အဆင့် (၁) ကို မမက်ပေမဲ့ သူငယ်ချင်းတွေကိုတော့ ဒါက င့ါကိုမေမေက အဆင့် (၁) ရလို့ ဝယ်ပေးတာလို့ ကြွားချင်တာပေါ့။ ကျွန်မတကယ်ရတဲ့အခါ စက်ဘီးစီးမှာ စိတ်မချလို့ မဝယ်ပေးခဲ့ပါဘူး။ ကျွန်မစိတ်ထဲ အော် လိမ်တာဟာ မကောင်းတဲ့ လုပ်ရပ်မှမဟုတ်ဘဲ မေမေလဲ လိမ်သေးတာပဲ။ တစ်ခါတစ်လေ ငါလိမ်လဲ အပြစ်မရှိလောက်ဘူးပေါ့။မိဘတွေကိုယ်တိုင်က လိမ်တာကို မသိလိုက်ဘာသာ သင်ပေးနေမိတယ်။
(မှတ်ချက် ။ ။ မေမေ့စေတနာကို နားလည်ပါတယ်။ ဒါပေမဲ့ အဲအချိန် ပစ္စည်းတစ်ခုခုနဲ့ သမီးလဲယူပါလားလို့ ကျွန်မကို အခွင့်အရေး ပေးခဲ့ရင် )
ဖြစ်ရပ် (၃)
အိုးကောင်းနာနာရိုက်မှ လှတယ်တဲ့။ ကျွန်မတို့ရဲ့ ရှေးအစဉ်အလာကြီးပေါ့။ သူရဲ့သူငယ်ချင်းတွေကိုတော့ ကျွန်မ တော်ကြောင်း မေမေက အမြဲပြောပေမဲ့ ကျွန်မရှေ့မှာဆို ဘယ်တော့မှ မချီးမွမ်းခဲ့ပါဘူး။ ရောင့်တက်မှာစိုးလို့ပါ။ အိုးကောင်းလေး ဖြစ်စေချင်လို့ တဲ့လေ။ ဒါပေမဲ့ ကျွန်မအလိုချင်ဆုံး အမေတစ်ယောက်ရဲ့ ချီးမွမ်းခံမှုကို ကျွန်မ ခုချိန်ထိမရခဲ့ပါဘူး။ သင့်သားသမီးလဲ သင့်ချီးကျူးစကားကို ကြားချင်မှာပါ။ သင့်သားသမီးရှေ့မှာ ချီးမွမ်းဖို့ ဘယ်တော့မှ မမေ့စေချင်ဘူး။ ဒါဟာ နောင်တစ်ချိန် သူဟာ ယုံကြည်မှု ရှိတဲ့ လူငယ်တစ်ယောက် ဘဝကို ပိုင်ဆိုင်မှာပါ။
ဖြစ်ရပ် (၄)
ကျွန်မတို့ နိုင်ငံမှာတော့ လုပ်ရိုးလုပ်စဉ်တိုင်းလုပ်တဲ့အခါ အမြဲ အဆင်မပြေတာတွေပဲ တွေ့နေရတဲ့အခါ ဖြတ်လမ်းနီးလိုက်တာကိုက သာမာန်ဖြစ်နေသလို ဘယ်လိုလုပ်ရင် အဆင်ပြေတယ်ဆိုတာကိုတောင် မရှက်ဘဲ ဝေမျှပေးနေမိတယ်။ တစ်ခြားနိုင်ငံတွေမှာတော့ ငယ်ငယ်ကတည်းက ဘယ်လို စနစ်တကျလုပ်ရမလဲ သင်ပေးလိုက်တယ်။ ကျွန်မ စင်္ကာပူရောက်တော့ ဘယ်နေရာရောက်ရောက် တန်းစီရတယ်။ အဲဒါကို သိပေမဲ့ အိမ်သာမှာတောင် တန်းစီရတယ်ဆိုတာ ကျွန်မမသိခဲ့ဘူး။ အားလုံးက စည်းကမ်းရှိကြတယ်။ ကျွန်မတို့ လူမျိုးတွေကိုလဲ စည်းကမ်းရှိတဲ့ လူတွေဖြစ်စေချင်တယ်။
ဖြစ်ရပ် (၅)
ကျွန်မ လူမှုရေးလုပ်ငန်းတွေလုပ်တုန်းက သီလရှင်ကျောင်းတစ်ကျောင်းကို သွားခဲ့ပါတယ်။ ကလေးတွေကို ပျော်ပွဲရွှင်ပွဲ လုပ်ပေးတဲ့ နေ့ပေါ့။ အဲကျောင်းက ဆရာလေးက ကျွန်မတို့ အဖွဲ့နဲ့အဆင်ပြေပေမဲ့ ဆရာလေး ညီမက ကျွန်မတို့ကို ကလေးတွေဆီမှာ ပျော်ပွဲရွှင်ပွဲ မလိုအပ်ပါဘူး။ ဘာမှမဟုတ်တဲ့ အလှူမဖြစ်စလောက်လေးနဲ့ လာလှူနေတယ်လို့ အပြောခံခဲ့ရပါတယ်။ ကျွန်မတို့ တိုင်းပြည်က ကလေးတစ်ယောက်ရဲ့ လိုအပ်ချက်ကို ကြည့်မှာလား။ ကလေးတွေရဲ့ ကျောင်းက လိုအပ်ချက်ကို ကြည့်မှာလားဆိုတာ အဲမှာ ပေါ်လွင်ခဲ့တယ်။ ကျွန်မအခု လူမှုရေးလုပ်ငန်းလုပ်တာ ၄ နှစ်လောက်ရှိတဲ့အခါ ကျွန်မတို့ လိုအပ်ချက် တစ်ခုတွေ့ခဲ့ရပါတယ်။ ဒါကတော့
ကလေးတစ်ယောက်ကို ကျွန်မအနေနဲ့ သားသား အလိုချင်ဆုံး ဘာလဲလို့ သူ့ဆန္ဒကိုမမေးမိတာပါဘဲ။ ကလေးတစ်ယောက် ဆန္ဒထက် မိဘမဲ့ကျောင်းက ကျောင်းအုပ်ကြီးတွေ ဆရာမကြီးတွေရဲ့ ဒီကျောင်းမှာ ဘာလိုအပ်ပါသလဲလို့ မေးမိနေတယ်။ ကလေးတစ်ယောက် ဖွံ့ဖြိုးဖို့ ကစားကွင်းလေး၊ သူ့မှတ်ဥာဏ်လေးကို အသုံးချတတ်ဖို့ စဉ်းစားတွေးခေါ်ရတဲ့ ကစားစရာပစ္စည်းလေးတွေ တကယ်လိုပါတယ်။ ကလေးတစ်ယောက်မှာ ကစားတယ်ဆိုတာမရှိဘူး။ သင်ယူတာပဲရှိတယ်လို့ အစ်ကိုတစ်ယောက် ပြောတဲ့စကားကို အရမ်းသဘောကျမိပါတယ်။
သင်ကော ကလေးတစ်ယောက်ရဲ့ ဆန္ဒကို လေးလေးနက်နက် ပြုလုပ်ပေးဖူးပါသလား။
ကျွန်မသာ ကလေးတစ်ယောက်ဖြစ်ခဲ့ရင် ကျွန်မလိုချင်တာ ကစားစရာတွေပဲ ဖြစ်ပါလိမ့်မယ်။ သူတို့က ကျွန်မကို ချစ်ခင်တတ်စေတယ်။ ရိုသေတတ်စေတယ်။ စဉ်းစားတတ်စေတယ်။ သင်ယူစေတယ်။
အပေါ်က ဖြစ်ရပ်လေးတွေကို ကြည့်ပြီး ကျွန်မတို့မှာ စိတ်ဓာတ်မြင့်တင်ဖို့တွေ အများကြီး လိုနေတယ်လို့ မြင်မိတယ်။ စိတ်ဓာတ်ကောင်းတစ်ခု မွေးမြူဖို့ဆိုတာ တစ်ဦးတစ်ယောက်ထဲ မဟုတ်ဘဲ အကုန်လုံး ဝိုင်းလုပ်မှ ရမှာမို့ ကျွန်မ ဒီစာကိုရေးမိတယ်။ ကျွန်မရဲ့ဦးဏှောက်သေးသေးလေးနဲ့ ဥာဏ်စွမ်းမှီသလောက်ပါ။