Saturday, May 31, 2008

ဈာပန

ဈာပန


င့ါဘ၀ဆိုတာကို


အသစ်တစ်ဖန်စဖို့


ငါနဲ့အတူ..


ပူဆွေးခြင်းတွေ


ချစ်ခြင်းတွေ အလိုမကျမှုတွေနဲ့


အားငယ်တတ်တဲ့


နှလုံးသားကိုပါ


ထည့်သွင်းသဂြိုလ်လိုက်ပါရစေ...


ငါရေးခဲ့တဲ့ကဗျာအားလုံးကိုလည်း


မြေမြှုပ်ပစ်လိုက်ကြပါစို့လား


((နောက်ဘ၀မှာလွမ်းဆွေးခြင်းတွေပါလာမှာစိုးလို့))


ငါ့ဈာပနကိုလည်း ဟန်ဆောင်ခြင်းတွေနဲ့


မချယ်မှုန်းလိုက်ပါနဲ့


ပူစပ်ပူလောင်ဖြစ်လွန်းလို့ပါ..


မင်းတို့ရဲ့မကျချင်ကျချင်မျက်ရည်တွေကိုရောပေါ့..


အသစ်တစ်ဖန်စမယ့် ဘ၀အတွက်


တုပခြင်းတွေထက်


အစစ်ကိုသာ ငါပိုလိုလားလို့ပါ...



ဒီကဗျာက ဟန်ဆောင်တတ်တဲ့လူတွေကြားနေရတာများလာတော့.. နောက်တစ်ဘ၀စချင်တဲ့စိတ်ကူးနဲ့ ရေးထားတာလေ… လောကမှာစိတ်ဝင်စားစရာအကောင်းဆုံးက လူတွေရဲ့စိတ်ပဲလေ.. အဲဒီစိတ်မှာဖြူစင်တာက နည်းနည်းပဲ.. ကိုယ်လည်းအဲဒီအတိုင်းပဲနေမှာပါ…ဟန်ဆောင်နေရတာတွေက မွန်းကျပ်လာပြီ

အခုတလောဘာတွေလုပ်

အခုတလော.. ခင်မြတ်တို့ ဖြူစင်မေတ္တာအဖွဲ့တွေ လေဘေးကယ်ဆယ်ရေးလုပ်နေကြတယ်.. ပထမတော့ စိတ်ပင်ပန်းလိုက်တာ… အလှူရှင် ရှာရ၊ ကားရှာရနဲ့ပေါ့… အချင်းချင်းတွေလည်း ရန်ဖြစ်ရနဲ့… ခင်မြတ်တို့က သူများတွေလို အဖွဲ့အကြီးကြီးမဟုတ်ဘူးလေ.. ရှိတာမှ အမြဲတမ်းအဖွဲ့ဝင် (၅) ယောက်တည်း… အရင်က ဘုန်းကြီးကျောင်းပညာရေးအတွက် အဓိကလုပ်ကြတယ်.. နောက်တော့ သိတဲ့အတိုင်းပဲ…. Crisis ကြီး ဖြစ်သွားလို့ ဘုန်းကြီးကျောင်းမသွားရတော့ဘူး… ခင်မြတ်တို့လည်းစိတ်ဓာတ်ကျနဲ့ပေါ့.. အဖွဲ့ဝင်တွေလည်း အားမတက်တော့ဘူး.. အဲဒါနဲ့ Nargis ကြောင့်အခုထပ်လုပ်ဖို့ဖြစ်လာတော့တယ်.. ပထမတော့.. ခင်မြတ်တို့ အဖွဲ့က ကိုဇော်က ပိုက်ဆံအလှူခံရာကစတာပဲ… သုံးသိန်းလောက်စုမိတော့.. ငါတို့တွေဘာလုပ်ကြမလဲ.. စဉ်းစားရာက ပထမဆုံး..ရန်ကုန်ထဲကနေရာတွေကိုလှူမယ်ဆိုပြီး မြောက်ဒဂုံဘက်ကိုသွားကြည့်ကြတယ်.. အဲဒီမှာ အိမ်ထောင်စု (၄၂) စုရှိတဲ့ မြောက်ဒဂုံ (၃၂) ရပ်ကွက်ကလေဘေးဒုက္ခသည်တွေကို ဆန် (၂) ပြည်နှုန်း သွားလှူလိုက်တယ်.. ပြီးတော့ အလှူဆက်ခံမယ်ဆိုပြီး နောက် ခင်မြတ်ရဲ့ ဆရာများဖြစ်တဲ့ egress က ဆရာသုတကလည်း အားပေး၊ ဆရာ ကျော်ငြိမ်းအေး ကလည်း ကူညီမယ်ဆိုတာနဲ့.. ခင်မြတ်တို့ အားတက်ပြီး လပွတ္တာသွားမယ်ဆိုပြီး ဖြစ်လာတော့တယ်.. သွားတော့မယ်ဆိုလည်း မြန်မြန်သွားမှ ဆိုတော့ အလှူရှင်တွေရှာ.. ဆရာတွေနဲ့အလှူရှင်တွေနဲ့တွေ့ဖို့.. နေ့တိုင်းရုံးဆင်းတာနဲ့ Online တက်ရ.. နဲ့ အိမ်ကို ညနက်မှပြန်ရောက် တယ်..သူငယ်ချင်းတွေနဲ့လည်း အစည်းအဝေးနေ့တိုင်းလုပ်ရသေး… ပြီးတော့သွားမယ်ဆိုတော့ ဖြူစင်မေတ္တာ နာမည်ပါတဲ့ တီရှပ်တွေတံဆိပ်ရိုက်ရနဲ့… အလုပ်တွေကိုရှုပ်နေတာ… အိမ်ကတော့ သိပ်တော့မကြည်ဘူးပေါ့.. ဒါပေမဲ့.. အားလုံးကတော့အားပေးပါတယ်… သွားဖို့ရက်အထိ ကားရလား မရလားအတိအကျ မသိရသေးဘူး… သွားမယ့်နေ့မနက်မှ သူငယ်ချင်းပေးတဲ့ကားသေချာသွားလို့ ပျော်လိုက်တာ.. ကားလှူပေးတဲ့ သူငယ်ချင်းဒိုးထက်ကိုလည်း အရမ်းကျေးဇူးတင်ရတယ်.. လပွတ္တာ သွားမယ်ဆိုတော့ ခင်မြတ်မလိုက်နိုင်ဘူး.. တစ်ရက်ခရီးဆိုသွားမယ်ပေါ့ဆိုပြီး ခွင့်ယူပြီးသွားလိုက်တာ.. နှစ်ရက်ခွဲ ဖြစ်သွားလို့ ရုံးမှာ အဆူခံလိုက်ရသေး တယ်.. ပထမရက်ကသူငယ်ချင်းတွေပျော်နေကြတာ…ပြောရဦးမယ်.. ပထမသွားမယ့်လူသိပ်မရှိဘူး..သွားခါနီးမှ (၁၂) ယောာက်လောက်ဖြစ်သွားတယ်.. ကားနွံနစ်လည်း အပြုံးမပျက်… ဟိုမှာနေပူထဲသွားပြီး ကိုယ်တိုင်ကိုယ်ကျလှူရတော့.. အရမ်းပျော်နေကြတယ်.. ဒါပေမဲ့.. နှစ်ရက်လောက်ရေမချိုးရ၊ သွားမတိုက်ရနဲ့.. ဟီး နဲနဲတော့ညစ်ပတ်ကြတယ်.. တစ်ရက်တည်းဆိုပြီး အ၀တ်တွေလည်း မပါသွားတာကို.. အပြန်ခရီး တစ်လျှောက်လုံးလည်း ပင်ပင်ပန်းပန်းနဲ့ ကျပ်ကျပ်သည်းသည်းလိုက်ရတော့.. ပင်ပန်းတော့.. ငါတို့ နောက်တစ်ခါ မလိုက်တော့ဘူး ဖြစ်ကြရော.. တစ်ရက်တောင်မခံပါဘူး… ရန်ကုန်ပြန်ရောက်တော့…. ဆရာသုတ ရှာပေးတဲ့ အလှူငွေ (၇) သိန်းနီးပါးလည်းရရော.. ငါတို့ခြင်ထောင်တွေလှူကြမယ်.. နောက်တစ်ခါသွားရင် ရွာထဲပါဆင်းမယ်… (၅) ရက်လောက်သွားမယ်ဖြစ်သွားတယ်.. အဲဒီလောက် ခင်မြတ်တို့သူငယ်ချင်းတွေက အရမ်းကို လူမှုရေး လုပ်ချင်သူတွေလေ…ရောက်ရောက်ချင်း …blog ညလုံးပေါက်ရေးတဲ့လူရေးနဲ့.. ကြိုးစားပြီး donor ရှာတဲ့လူရှာနဲ့.. အလုပ်ကိုရှုပ်ရောပဲ..တစ်လက်စတည်း.. blog နာမည်လေးပါကြေညာပေးလိုက်တယ် နော်.. စိတ်ဝင်စားရင်ဖတ်လို့ရအောင်ပေါ့.. http://www.physin-myitta.blogspot.com/ နောက်တစ်ခေါက်တော့.. ခင်မြတ်လိုက်နိုင်ပါ့မလား…. အလုပ်နဲ့ဆိုတော့ မလိုက်နိုင်ဘူး လေ…ကိုယ်တတ်နိုင်တဲ့ဘက်ကကူညီရင်းနဲ့ ရန်ကုန်မှာပဲနေခဲ့ရတော့မယ် ထင်တယ်….

တရားစခန်း

ဒီနှစ်သင်္ကြန်တော့ အချိန်မဖြုန်းတော့ပဲ အကျိုးရှိအောင် တရားစခန်းဝင်ဖြစ်တယ်.. တအားကို ကြည်နုးဖို့ကောင်းပါတယ်.. အရင်နှစ်ကလောက်တောင် တရားမထိုင်နိုင်လို့ ကိုယ့်ကိုယ်ကိုယ်တောင် မကျေမနပ်ဖြစ်မိတယ်.. ဘုန်းဘုန်းပြောမှပဲ မကျေနပ်တာလည်း ဒေါသပဲဆိုတာသိရတော့တယ်.. အရင်ကထက် ပိုပြီးနားလည်လာတယ်…. အရင်နှစ်ကအချိန်ဖြုန်းမိတာကိုတောင် နှမြောတယ်… မနှစ်က သူ့ဘေးနားမှာရှိချင်လို့သာ ကို ရေကစားမိတာ.. ဒါလည်းမကောင်းတာပဲလေ.. ဒီနှစ်တော့ ဘယ်သူခေါ်ခေါ် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလို့အရမ်းဝမ်းသာရတယ်… တရားစခန်းမှာ (၇) ရက်ပဲနေခဲ့ရတယ်…. ကိုယ်က ရုံးတက်ရမှာမို့လို့လေ…. ဘုန်းဘုန်းကနေစေချင်ပေမဲ့လည်း… မနေနိုင်ခဲ့ဘူး.. အိမ်မှာ တရားထိုင်နိုင်အာင်ကြိုးစားကြည့်ချင်တယ်.. အရင်လိုစိတ်အလိုကျတော့ မလုပ်ဖြစ်တော့ဘူး.. သူများတကာကိုလည်း ခံစားနားလည်တတ်အောင် ကြိုးစားနေတော့တယ်… ဒါပေမဲ့လည်း တစ်ချို့တွေက အဲဒါကို အခွင့်ကောင်းယူတတ်ကြတယ်လေ….တရားစခန်းကြောင့် အများကြီးပြောင်းလဲသွားတဲ့ကိုယ့်ကိုယ်ကို အံ့သြမိတယ်… နောင်နှစ်တွေလည်း.. ၀င်နိုင်အောင် ကြိုးစားမယ်….